အင်အားပြင်း ငလျင် လှုပ်ခတ်ပြီးနောက် ဂျပန်ရောက် မြန်မာနိုင်ငံသားများအတွက် သဘာဝဘေးအန္တရာယ် အသိပေးချက် မြန်မာသံရုံးမှ ထုတ်ပြန်

0
235

ဂျပန်နိုင်ငံ၊ Ishikawa ပြည်နယ် ကမ်းလွန်ကို ဗဟိုပြု၍ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာသံရုံးက ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် သဘာဝဘေးအန္တရာယ် အသိပေးချက်ကို ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သတိပေးထားသည်။

ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီဝန်းကျင်တွင် ပြင်းအား ၇.၄ ရှိသော အင်အားကြီး ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများခဲ့ကြောင်း ဒေသဆိုင်ရာနှင့် နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်အပြီးတွင် ဒေသအာဏာပိုင်များက ဂျပန်နိုင်ငံ Niigata,Toyama, Yamagata, Fukui, Hyogo ပြည်နယ်များနှင့်တကွ ဂျပန်ပင်လယ်ကမ်းရိုးတန်းတလျှောက်အား ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအဘနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထားစောင့်ကြည့်ရန် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ယနေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်နိုင်ကြောင်းလည်း တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေး ကြေညာထားသည်။

ဂျပန်သတင်းဌာန NHK က ဖော်ပြထားသည့် သတင်းတစ်ရပ်အရ ဟော့ကိုင်းဒိုးမှ နာဂါဆာကီအထိ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ၃ မီတာအထိ ဆူနာမီလှိုင်းရိုက်ခတ်နိုင်ကြောင်း သတိပေးချက်ကို ဒေသအာဏာပိုင်များက ထုတ်ပြန်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here