ဂျပန် ငလျင် ‌ေ-သဆုံးသူ ခြောက်ဦးထက်မနည်းရှိ

0
233

နှစ်သစ်ကူးရက်က ဂျပန်နိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ အင်အားပြင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ခြောက်ဦးထက်မနည်း ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇန်နဝါရီ ၂ ရက် အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အဆောက်အအုံ အပြိုအပျက်တွေအောက်ကနေ ရုပ်အလေ-ာင်းတွေကို ဆွဲထုတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြင်းအား ၇.၆ အဆင့်ရှိ ငလျင်ဟာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းမှာ လှုပ်ခတ်သွားခဲ့တာဖြစ်ပြီး အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ကာ နေအိမ်သောင်းချီပြီး ဓါတ်အားပြတ်တောက်မှုဖြစ်ခဲ့သလို ကမ်းရိုးတန်းဒေသအချို့ရှိ ဒေသခံတွေဟာလည်း ကုန်းမြင့်အရပ်တွေဆီ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။

ဂျပန်နိုင်ငံရဲ့ ရှည်လျားတဲ့ အနောက်ဘက်ပင်လယ်ကမ်းရိုးတန်းတလျှောက်အပြင် အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံဘက်မှာပါ ပင်လယ်ရေလှိုင်းအမြင့် ၁ မီတာခန့် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းအကူအညီပေးဖို့ ဂျပန်စစ်သားတွေကို စေလွှတ်ထားခဲ့ပြီး ဒေသတွင်းက လေယာဉ်ကွင်းတစ်ခုကတော့ ပြေးလမ်းကြောင်းမှာ အက်ကြောင်းတွေဖြစ်သွားတာကြောင့် ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။

သဘာဝဘေးဒဏ်ခံရအပြီး တစ်ရက်အကြာမှာ ပျက်စီးဆုံးရှုံးမှုပမာဏကိုရှင်းရှင်းလင်းလင်း မသိရသေးဘဲ ငလျင်ဒဏ် အဆိုးဝါးဆုံးခံခဲ့ရတဲ့ ဒေသတွေက ကားလမ်းတွေဟာ ဆိုးဆိုးရွားရွား ပျက်စီးမှုဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ငလျင်ဒဏ်အပြင်းအထန်ခံလိုက်ရတဲ့ ဆူဇူးမြို့က ဆေးရုံရှိရာကို ဆရာဝန်တွေ သွားလို့မရဖြစ်နေပြီး ယင်းဆေးရုံဟာ ဓါတ်အားပြတ်တောက်မှုဖြစ်ခဲ့တာကြောင့် မီးစက်နဲ့သာလည်ပတ်နေရတယ်လို့ အစိုးရရုပ်သံဋ္ဌာန NHK က ဆိုပါတယ်။

လက်ရှိအချိန်အထိမှာ ‌ေ-သဆုံးသူ ခြောက်ဦး ရှိခဲ့ပြီဆိုတာကို အတည်ပြုနိုင်ကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က နိုတိုကျွန်းဆွယ် မှာ လှုပ်ခတ်ခဲ့တဲ့ ပထမငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင်အသေးစား ၉၀ ကျော်လှုပ်ခတ်ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လာမယ့်ရက်တွေအတွင်း ပိုမိုအားပြင်းတဲ့ လှုပ်ခတ်မှုတွေ ဖြစ်လာနိုင်ကြောင်းလည်း အေဂျင်စီက သတိပေးခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here