ဟူသီမော်တော်ဘုတ်များကို အမေရိကန်က ချေမှုန်းပြီးနောက် အီရန်စစ်သင်္ဘောများ ပင်လယ်နီအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ရေနံဈေးများ မြင့်တက်လာ

0
250

ယီမင်ရှိ ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်စည်တင်ပို့မှုများ အခြေအနေ တင်းမာနေဆဲဖြစ်သည့်အပြင်၊ အီရန်မှ စစ်သင်္ဘောတစ်စင်း ပင်လယ်နီသို့ စေလွှတ်ပြီးနောက် ရေနံစျေးနှုန်းများ အင်္ဂါနေ့တွင် မြင့်တက်ခဲ့သည်။

ကမ္ဘာ့ရေနံစိမ်းစျေးနှုန်း စံချိန်စံညွှန်း Brent အရ ကမ္ဘာ့ရေနံစိမ်းစျေးနှုန်းသည် ၁.၆ ရာခိုင်နှုန်းမျှ တက်လာကာ လက်ရှိတွင် တစ်စည်လျှင် ၇၈.၂၇ ဒေါ်လာဖြစ်လာကြောင်း သိရသည်။

အီရန်သည် ဗျူဟာမြောက် Bab al-Mandeb ရေလက်ကြားမှတဆင့် Alborz ဖျက်သင်္ဘောကို တနင်္လာနေ့တွင် စေလွှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး အဆိုပါ စစ်သင်္ဘော၏ ခရီးစဉ်အသေးစိတ်ကိုမူ အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ပင်လယ်နီအတွင်း သင်္ဘောလမ်းကြောင်းများ လုံခြုံစေရန်အတွက် လိုအပ်သည့် စစ်ဆင်ရေးများကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုသာ ယင်းသတင်းတွင်ဆိုထားသည်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်သူပုန်များ၏ မော်တော်ဘုတ်သုံးစင်းကို အမေရိကန်ရေတပ်က ဖျက်ဆီးခဲ့ပြီးနောက် စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ကြောင်း AP သတင်းတစ်ရပ်အရ သိရသည်။ ဟူသီပစ်ခတ်မှုအောက်ကျရောက်ခဲ့သည့် စင်္ကာပူနိုင်ငံ အလံတင် ကန်တိန်နာတင်သင်္ဘော Maersk Hangzhou မှ အရေးပေါ် ခေါ်ဆိုမှုကို အမေရိကန်ရေတပ် မှ တုံ့ပြန်ခဲ့ကြောင်း အမေရိကန် ဗဟို စစ်ဌာနချုပ် က ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here