ဘိုကလေးဒေသထွက် ငါးရံ့ခြောက်များ ရန်ကုန်အပါအဝင် အခြားဒေသများမှ ဝယ်လိုအားကောင်း

0
391

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးဒေသထွက် ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက် အပါအဝင် အခြားဒေသများမှ ဝယ်လိုအားကောင်းပြီး အရောင်းသွက်ကြောင်း ဘိုကလေးမြို့နယ်ရှိ ငါးခြောက်မျိုးစုံရောင်းဝယ်‌ရေး ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

ဒီဇင်ဘာလအတွင်း ဝယ်လိုအားကောင်းလာခြင်းဖြစ်ပြီး တစ်ပတ်လျှင် ငါးရံ့ခြောက် ပိဿာချိန် ၁၀၀ မှ ၂၀၀ ထိ တင်ပို့ရောင်းချနေကြောင်း သိရသည်။

“အရင်လတွေကထက် ဒေသထွက် ငါးခြောက်အထွက်နှုန်းကလဲ ကောင်းပါတယ်။ အရောင်းအဝယ်လဲကောင်းနေပါတယ်။ ဘိုကလေးမြို့နယ်ကထွက်တဲ့ ငါးရံ့ခြောက်တွေကို ရန်ကုန်ဘက်ကိုပဲ အဓိက တင်ပို့ရောင်းချတာပါ။ ငါးရံ့ခြောက်တွေကို ရန်ကုန်မြို့ဈေးကွက်က တစ်ရက်နဲ့တစ်ရက် ဝယ်ယူမှုများလာလို့ တင်ပို့ရောင်းချမှု တက်လာတာပါ” ဟု ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောသည်။

ဘိုကလေးမြို့နယ်က ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးရံ့အစိမ်းများကိုဝယ်ယူကာ စနစ်တကျခွဲကာ နေလှန်းပြီး ငါးရံ့အချိုခြောက်နှင့် ဆားလတ်ခြောက်နှစ်မျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ငါးရံ့ခြောက်အကြီး တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀၀၊ ငါးရံ့ခြောက်အလတ် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀၊ ငါးရံ့ခြောက်အသေး တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ ထိ ဈေးပေါက်နေကြောင်း ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here