ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၉) ရက်တိုင်တိုင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဆိုပူဇော်မည်

0
133

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဇန်နဝါရီ (၃) ရက်မှ ဇန်နဝါရီ (၁၁) ရက်အထိ (၉) ရက်တိုင်တိုင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဆိုပူဇော်ပွဲကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဥပ္ပါတသန္တိ ပရိတ်တော်ရွတ်ဆိုပူဇော်မှုအား ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး ဝန်ထမ်းဝတ်အသင်းများမှ ရင်ပြင်တော်ရာဟုထောင့် ဒေါ်စောမြတန်ဆောင်းတွင် ရွတ်ဆိုပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးအများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဘုရားဖူးချိန်ကို နံနက် (၅) နာရီမှ ည (၉) နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းလည်း ရွှေတိဂုံစေတီတော်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အသိပေးကြေညာထားသည်။

ယခင်က ဘုရားဖူးချိန်မှာ နံနက် (၅) နာရီမှ ည (၈) နာရီအထိသတ်မှတ်ထားရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစ၍ အချိန် တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုသည် ပိုမိုများပြားလာခဲ့ပြီး တစ်ရက်လျှင် ၂၀၀၀၀ ကျော်ထိ လာရောက်ဖူးမြော် ကြည်ညိုကြကြောင်း အစိုးရရုံးပိတ်ရက် ဖြစ်သော စနေ၊ တနင်္ဂနွေနေ့တို့တွင် ဘုရားဖူးဧည့်သည်များသည် ၃၀၀၀၀ မှ ၅၀၀၀၀ ကြား လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော မြန်မာနှစ်ဆန်း တစ်ရက်နေ့၊ ကဆုန်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ် လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဘုရားဖူးဧည့်သည် ပိုမိုဝင်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here