လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် ဖြင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုပေး

0
189

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဌာနမှ သိရသည်။

အဆိုပါ ဆေးကုသပေးခြင်းကို ဇန်နဝါရီ (၂) ရက်မှ (၁၅) ရက်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနရှိ အာမခံအလုပ်သမားများအတွက် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ကွင်းဆင်းဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃)ရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၂၃)ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လက်ရှိတွင် အာမခံစနစ် ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့ပြင်  လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာတစ်လလျှင် တစ်သိန်းရရှိသည့် အာမခံအလုပ်သမားတစ်ဦးအနေဖြင့် အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ကျပ် (၂၀၀၀) နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ကျပ် (၃၀၀၀) စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ကျပ် (၅၀၀၀) ပေးသွင်းရကြောင်းသိရသည်။

အများဆုံးလုပ်ခလစာ သုံးသိန်းအထိ သတ်မှတ်ထားကာ အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ကျပ် (၆၀၀၀) နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ကျပ် (၉၀၀၀) စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ကျပ် (၁၅၀၀၀) ပေးသွင်းရကြောင်းလည်း သိရသည်။

လစဉ်ထည့်ဝင်ကြေးပေါ်မူတည်၍ မကျန်းမာမှုအကျိုးခံစားခွင့်၊ မီးဖွားမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်း အကျိုးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်စသည်တို့ကို ခံစားရရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here