ဆွေးနွေးဖြေရှင်းမှုများ အမြန်ဆုံးစတင်ကြရန် အရေးတကြီးလိုအပ်နေသည်ဟု ပြည်သူ့ပါတီ တိုက်တွန်း

0
234

နိုင်ငံရေးအရ လက်တွေ့ကျသည့် ဆွေးနွေးဖြေရှင်းမှုများ အမြန်ဆုံးစတင်ကြရန် အရေးတကြီးလိုအပ်နေသည်ဟု ပြည်သူ့ပါတီက တိုက်တွန်းထားသည်။

ယနေ့ ဇန်နဝါရီ(၄)ရက်နေ့၌ ကျရောက်သော (၇၆ )နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖွဲ့စည်းတည်ထောင်ထားသော ပြည်သူ့ပါတီ၏ သဝဏ်လွှာတွင်
ယင်းသို့ တိုက်တွန်းနှိုးဆော်ထားရှိခြင်းဖြစ်သည်။

ပြည်သူပါတီ၏ သဝဏ်လွှာတွင် ပြည်တွင်း နိုင်ငံရေးအခင်းအကျင်း ပြန်လည်အားကောင်းလာပြီး ဘက်အသီးသီးမှ နိုင်ငံရေးအရ လက်တွေ့ကျသည့် ဆွေးနွေး ဖြေရှင်းမှုများ အမြန်ဆုံးစတင်ကြရန် အရေးတကြီးလိုအပ်နေသည်ဟု မှတ်ချက်ပြုထားသည်။

ထို့အပြင် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းတည်းဟူသော လောကပါလတရားများကို ပြန်လည်တည်ဆောက် ကျင့်သုံးကြရင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် လေးနက်စွာတိုက်တွန်းထားသည်။

သဝဏ်လွှာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးသည် စိန်ရတုကာလကိုလွန်မြောက်၍ (၇၆) နှစ်သို့ တိုင်ခဲ့ပြီ ဖြစ်ပြီး ၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော စစ်ရေးပဋိ ပက္ခသည်လည်း လွတ်လပ်ရေးသက်တမ်းနှင့်အမျှပင် ဖြစ်သည်ဟုဆိုသည်။

လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဟူသည့် လောကပါလတရားများသည်လည်း ဆိုးရွားစွာ ပျက်စီးယိုယွင်းနေခြင်းကြောင့် ယခုအခါ နိုင်ငံရေးတင်းမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သော စစ်ရေးပဋိပက္ခသည်၊ ပို၍ ပို၍ မြင့်မားလာပြီး အရပ်သား ‌ေ-သကြေပျက်စီးမှုများ၊ ဖ-မ်းဆီးနှိ-ပ်စ-က်ခံရမှုများ၊ မြို့ရွာပျက်စီး ဆုံးရှုံးမှုများ၊ နေရပ်စွန့်ခွာဒုက္ခသည်များ စံချိန်တင်များပြားလာလျက်ရှိသည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် ဘက်အသီးသီးမှ ‌ေ-သကြေပျက်စီးနေရသည်မှာလည်း နိုင်ငံတော်၏ လူသားအရင်းအမြစ်များပင်ဖြစ်၍ နိုင်ငံတော်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေအရပ်ရပ်သည်လည်း စစ်ရေး ပဋိပက္ခ၏ လက်အောက်ခံပြဿနာများအဖြစ် ပုံဖော်ခံနေရပြီဖြစ်ကြောင်း ဆိုသည်။

စစ်ရေးပဋိပက္ခ မြင့်မားလာသည်နှင့်အမျှ လက်နက်၏ အခန်းကဏ္ဍ မြင့်မားလာပြီး၊ အကြမ်းမဖက်နိုင်ငံရေး၏ အခန်းကဏ္ဍပျောက်ဆုံးကာ လက်နက်မဲ့ပြည်သူများ၏ ဘဝမှာလည်း လုံခြုံမှုကင်းမဲ့လာခဲ့ရကြောင်း၊ စစ်ရေးပဋိပက္ခအားလုံး၏ အကြောင်းရင်းမှာ နိုင်ငံရေးပင်ကြောင့်ပင်ဖြစ်ပြီး၊ နိုင်ငံရေးပြဿနာအားလုံး၏ အဖြေသည်လည်း ပြည်တွင်း၌ပင်ရှိသည်ဟု ဖော်ပြပါရှိသည်။

နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့်သာ ဖြေရှင်းနေသမျှကာလပတ်လုံး နာကျည်း မုန်းတီးမှုများကိုသာ တိုးပွါးလာစေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပို၍ ပို၍ အလှမ်းဝေးလာစေနိုင်ပါကာ အမျိုးသားညီညွတ်ရေးပြိုကွဲသည်နှင့်အမျှ အချုပ်အခြာ အာဏာသည်လည်း ပြိုကွဲနေမည်သာဖြစ်သည်ဟုလည်းဆိုသည်။

အထူးသဖြင့် နိုင်ငံကြီးများ၏ ဒေသတွင်းအားပြိုင်မှု ပြင်းထန်နေသည့်ကာလတွင်၊ နိုင်ငံတော်၏ ပြည်တွင်းအင်အားစုများအချင်းချင်း ပဋိပက္ခသည် နိုင်ငံတော် ပြိုကွဲသွားနိုင်သည်အထိ အလွန်အန္တရာယ် ကြီးမားသည်ဟု ပြည်သူ့ပါတီက သဝဏ်လွှာတွင် အသိပေး တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here