(၇၆) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ကို ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ 

0
128

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၊ သီရိလင်္ကာ ဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်၊ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ်တို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သဝဏ်လွှာပေးပို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီ ထံမှ ပေးပို့သည့် ဝမ်းမြော က်ကြောင်းသဝဏ်လွှာများ ပါဝင်ကြောင်း သတင်းထုတ် ပြန်သည်။

သဝဏ်လွှာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နီးကပ်ပြီး ကာလရှည်ကြာသော ဆက်ဆံရေးမှာ တူညီသောယဉ်ကျေးမှုနှင့် ဘာသာတရား ဓလေ့ထုံးတမ်းများ၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့အပေါ် အခြေခံထားခြင်းဖြစ်ပြီး လာမည့်အနာဂတ်တွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး မိမိတို့ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြပါရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ရုရှား – မြန်မာဆက်ဆံရေးမှာ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုရှိပြီး မိမိတို့နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မှုများမှတဆင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်မှုနှင့် လုံခြုံမှု ပိုမိုခိုင်မာစေရေးအတွက် နယ်ပယ်ကဏ္ဍစုံတွင် နှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့် လုပ်ဆောင်နိုင်မည်ဟု မိမိအနေ ဖြင့် ယုံကြည်ကြောင်း ပါရှိသည်။

သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့် တူညီသော ယဉ်ကျေးမှုစံနှုန်းများအပေါ် အခြေခံလျက်ရှိသည့် သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကာလရှည်ကြာ တည်ရှိနေသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်တိုးတက်ခိုင်မာလျက်ရှိရာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအ တွက် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုခိုင်မြဲလာမည်ဟု မိမိအနေဖြင့် ယုံကြည်သည်ဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ သဝဏ်လွှာ ပေးပို့သည့် နိုင်ငံအသီးသီးသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့လည်း (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံခြားရေးဝန် ကြီးများထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ထိုသို့ပေးပို့ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here