(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူများအား နစက ဥက္ကဋ္ဌ က ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်း

0
257

ယနေ့ ဇန်နဝါရီလ (၄) ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသူများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ (၄) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သဘင်ဆောင်တွင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့အခမ်းအနားတွင် သရေစည်သူဘွဲ့ရသူ (၉) ဦး ၊ စည်သူဘွဲ့ရသူ (၅) ဦး ၊ သူရဘွဲ့ရသူ (၆) ဦး၊ သီရိပျံချီဘွဲ့ရသူ (၄၂) ဦး ၊ ဝဏ္ဏကျော်ထင်ဘွဲ့ရသူ (၈၃) ဦး ၊ အလင်္ကာကျော်စွာဘွဲ့ရသူ (၄) ဦး၊ သိပ္ပကျော်စွာဘွဲ့ရသူ (၄) ဦး စုစုပေါင်း (၁၅၃) ဦးကို သက်ဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘွဲ့တံဆိပ်များ ချီးမြှင့် ပေးအပ်ခံရသူများသည် တိုင်းပြည်၏ လူမှုရေး ၊ စီးပွားရေး ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍ၊ စာပေ၊ အနုသုခုမပညာရပ်တို့တွင် ထူးခြားထက်မြက်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူ ထူးခြားစွာ စွမ်းဆောင်ခဲ့ကြသူများဖြစ်သည့် အတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ရခြင်း ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းအခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး၊ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး ၊ တွဲဘက်အတွင်းရေးမှူးနှင့် ဇနီး ၊ ကောင်စီဝင်များနှင့် ဇနီးများ ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ ၊ တပ်မတော်အရာရှိကြီးများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here