လပေါင်းများစွာကြာပြီးနောက် ပထမဆုံးအနေဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းလဲလှယ်မှုပြုလုပ်

0
139

မော်စကို၊ဇန်နဝါရီ ၄

ရုရှားနှင့်ယူကရိန်းတို့သည် ငါးလနီးပါးကြာမြင့်ပြီးနောက် ပထမဆုံးအနေဖြင့် စစ်သုံ့ပန်းများကို ရာ နှင့် ချီ၍လဲလှယ်ခဲ့ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နှစ်ဖက်ထုတ်ပြန်ချက်၌ စစ်သုံ့ပန်း ၂၀၀ ကျော်အား အသီးသီးလဲလှယ်ခဲ့သည်ဟုလည်းသိရသည်။

သမ္မတဇလန်းစကီး၏ထုတ်ပြန်ချက်၌မူ ယူကရိန်းအကျဉ်းသား ၂၀၀ ကျော်အားလက်ခံရရှိကြောင်းဖော်ပြထားပြီး ပြန်လည်လွတ်မြောက်လာသူများအား ကြိုဆိုပွဲကျင်းပနေသည့်ဗီဒီယိုအား တယ်လီဂရမ်၌တင်ထားခဲ့သည်။

ယူကရိန်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိကမူ ယူကရိန်းစစ်သုံ့ပန်း ၂၃၀ လွတ်မြောက်လာပြီး ယခုတစ်ကြိမ်သည် ၄၉ ကြိမ်မြောက်လဲလှယ်မှုလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

မော်စကိုကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌မူ ရုရှားစစ်သုံ့ပန်း ၂၄၈ ဦးပြန်လည်လွတ်မြောက်လာပြီး ယခုတစ်ကြိမ် အာရပ်စော်ဘွားများပြည်ထောင်စု၏ ကြားဝင်စေ့စပ်မှုဖြင့် အကြေအလည်ဆွေးနွေးပြီးမှ လဲလှယ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

သို့သော် ၎င်းတို့နှစ်နိုင်ငံလုံးသည် နှစ်ဖက်လုံး၌ ထိန်းသိမ်းထားသည့် သုံ့ပန်းအရေအတွက် မည်မျှကျန်ရှိနေသေးသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြပေ။

လွတ်မြောက်လာသည့် ယူကရိန်းစစ်သုံ့ပန်းနှစ်ရာကျော်အနက် ၆၆ ဦးသည် ၂၀၂၂ ခုနှစ်မေလက ရုရှားထိန်းချုပ်မှုအောက်ရောက်သွားရသည့် မာရီယိုပူးလ်မြို့မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်းသိရသည်။

Source : cna


LEAVE A REPLY

Please enter your comment!
Please enter your name here