တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်ရသူများကို တံဆိပ်များအပ်နှင်း

0
220

ယနေ့ ဇန်နဝါရီ (၄)ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံရယူကြမည့် အရာရှိစစ်သည်များနှင့် အမွေခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများထဲတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး၊ ရဲသူရတံဆိပ်ရရှိသူ ၉ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၉၉ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမ)ဆင့်ရရှိသူ ၁၄ ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယ)ဆင့်ရရှိသူ ၂၈ ဦး၊ စီမံထူး ချွန်တံဆိပ် (တတိယ)ဆင့်ရရှိသူ ၃၄ ဦး၊ လူမှုထူးချွန်တံဆိပ်(ပထမ)ဆင့် ရရှိသူ ၃ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယ) ဆင့်ရရှိသူ ၆ ဦး၊ လူမှုထူးချွန် တံဆိပ် (တတိယ)ဆင့်ရရှိသူ ၃ ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် နည်းပညာထူးချွန်တံဆိပ် (ပထမ)ဆင့် ရရှိသူ ၅ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ)ဆင့် ရရှိသူ ၁၀ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့်ရရှိသူ ၃၃ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၁၁၁ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ် ထူးဆောင်လက်မှတ်ရရှိသူ (၄၈၀) ဦး ပါဝင်ပြီး ၎င်းတို့ကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာတိုင်းမှူးများက တစ်ချိန်တည်း တစ်ပြိုင်တည်း ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခြင်းခံကြရသူများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရာတွင် မိမိတို့ကျရာတာဝန်များကို အသက်ကိုပင်မငဲ့ကွက်ဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ် တာဝန်ထမ်းဆောင်ပြီး မှတ်တမ်းကောင်းရေးထိုးခဲ့ကြသူများဖြစ်သဖြင့် ပြည်သူ့သားကောင်းအာဇာနည်များအဖြစ် အမြဲအမှတ်တရ လေးစားဂုဏ်ယူနေမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အပြင် အမိန့်နှင့်တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ပြည်သူ့သားကောင်းဇာနည်များ၏ ဖြူစင်မြင့်မြတ်သည့် နှလုံးသားများကို မျိုးဆက်သစ်များအနေဖြင့် လေးစားအားကျအတုယူလျက် နိုင်ငံတော်ကအားကိုးရပြီး၊ ပြည်သူ လူထုက လေးစားအားထားရသည့် မျိုးချစ်တပ်မတော်သားကောင်းဇာနည်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၉ ဦး၊ ဗိုလ် ကြီး ၁၀ ဦး၊ ဗိုလ် ၁ ဦး၊ ဒုတိယအရာခံဗိုလ် ၁ ဦး၊ ဒုတိယတပ်ကြပ် ၁ ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here