U-17 ကစားသမားများ အသက်အပါအဝင် မမှန်မကန် ပြုလုပ်မှုများ စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်

0
118

FIFA-MFF U17 Youth League 2023/24 ပြိုင်ပွဲဝင် ကစားသမားများ အသက်အပါအဝင် မမှန်မကန်ပြုလုပ်မှုများ စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲများ အသက်စိစစ်ရေးအဖွဲ့ထံက သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၄)ရက် နံနက်ပိုင်းက ပြိုင်ပွဲဝင် အသင်းများအား အသက်မှန်ကန်မှု ရှိမရှိနှင့် ကစားသမားများ၏ အထောက်အထား မှန်ကန်မှု ရှိမရှိများကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

လူငယ်ပြိုင်ပွဲများ အသက်စိစစ်ရေး အဖွဲ့မှ စစ်ဆေးရာတွင် မမှန်မကန် ပြုလုပ်မှုများ စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

စိစစ်ရေး အဖွဲ့တွင် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးစိုးမြင့်၊ ဝါရင့်အားကစား ကလောင်ရှင် ဦးအောင်မျိုးရှိန်(တာကာဟရှိ)၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးငွေထွန်း၊ ဒေါက်တာ အောင်ကျော်ဦး၊ ဦးစည်သူဝင်း၊ ဦးမိုးသွင်ထွန်း တို့ပါဝင်သည်။

အသက်စိစစ်ရေး အဖွဲ့အနေဖြင့် ဆေးပညာရပ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့်လည်းကောင်း၊ စာရွက်စာတမ်း အထောက်အထားများ မှန်ကန်မှု ရှိမရှိကိုလည်းကောင်း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

စစ်ဆေးမှုခံယူရမည့် ကစားသမားအနေဖြင့် ယူ၁၇ လိဂ်ပွဲစဉ်များတွင် ခေတ္တပါဝင်ကစားခွင့် ရှိမည်မဟုတ်ဘဲ အပြီးသတ် စစ်‌ဆေးမှုခံယူပြီး မှန်ကန်မှု ရှိမှသာ ပြန်လည်ပါဝင်ကစားခွင့် ရရှိမည်ဖြစ်သည်။

U-17 လိဂ်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရခြင်း ရည်ရွယ်ချက်မှာ လူငယ်များ ဘောလုံးကစားခွင့် ပိုမိုရရှိရန်၊ လူငယ်မျိုးဆက်သစ်များ ပိုမိုပေါ်ထွက်လာစေရန်၊ မြန်မာ့လက်ရွေးစင် အသင်းများအတွက် အထောက်အကူဖြစ်စေရန် အဓိကဖြစ်ပါကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here