၂၀၂၃ ခုနှစ်အတွင်း မီးလောင်မှုအကြိမ်ရေ လျော့သော်လည်း ဆုံးရှုံးမှု တန်ဖိုးက တိုးကာ ကျပ်ငွေ ၃၅ ဘီလီယံကျော်အထိရှိခဲ့

0
133

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ ၃၅ ဘီလီယံကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ မီးလောင်မှုအကြိမ်ရေ ၁၃၀၆ ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီးကြောင့် ၄၅၆ ကြိမ်နှင့် ပေါ့ဆမှုကြောင့် လောင်ကျွမ်းမှု ၃၉၃ ကြိမ် ပါဝင်ကာ ဆုံးရှုံးမှု တန်ဖိုးအနေဖြင့် ၃၅ ဒသမ ၅ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

” ၂၀၂၃ ခုနှစ်မှာ တစ်နိုင်ငံလုံး မီးလောင်တဲ့ အကြိမ်က၂၀၂၂ ခုနှစ်နဲ့ ယှဉ်လိုက်ရင် အကြိမ်ရေ လျော့သွားပေမယ့် ဆုံးရှုံးမှု တန်ဖိုးက တိုးလာတယ်။ ဒါက တိုက်ပွဲတွေကြောင့် မီးလောင်တာနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ မီးလောင်တာကြောင့်ပါ” ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် မီဒီယာသို့ ဖြေကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားသည့် မီးလောင်မှုအကြိမ်ရေ လျော့ကျခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုးသည် ၂၈ ဒသမ ၇ ဘီလီယံကျော်ပိုများခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ လျှပ်စစ်မီးနှင့် ပေါ့ဆမီးတို့ကြောင့် မီးလောင်ဆုံးရှုံးမှုဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပြည်သူများက မီးသတ်ဆေးဘူးများကို ပိုမိုအသုံးပြုလာသည့်အတွက် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက မီးလောင်မှုကြိမ်ရေ လျော့နည်းလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here