မြန်မာ့ထောပတ်သီးကို ရေကြောင်းမှတဆင့် အိန္ဒိယသို့ တင်ပို့မည်

0
158

မြန်မာ့ထောပတ်သီးကို ရေကြောင်းမှတဆင့် အိန္ဒိယနိုင်ငံသို့တင်ပို့နိုင်ရန် စီစဉ်လျှက်ရှိကြောင်း ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်းထံက သိရသည်။

မြန်မာ့ထောပတ်သီးအား မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု (၇၅) နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် မိတ်ဆက်ပြသခဲ့ရာ၊ အရည်အသွေးကောင်းမွန်သော Hass အမျိုးအစားကိုနှစ်သက်ကြသဖြင့် အိန္ဒိယနိုင်ငံအခြေစိုက် ထောပတ်သီး ကုမ္ပဏီတစ်ခုက ဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ကမ္ဘာ့ဈေးကွက်တွင် ထောပတ်သီး တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ ဈေးရရှိနေပြီး ၊ လေကြောင်းဖြင့် ပို့ဆောင်စရိတ်မှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာရှိသည့်အတွက် ရေလမ်းကြောင်းမှ တင်ပို့ရန်စီစဉ်နေကြခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ထောပတ်သီးများ သိုလှောင်ရန် တောင်ကြီးမြို့၌ အအေးခန်းစက်ရုံများ တည်ဆောက်နိုင်ရန် ရှမ်းပြည်နယ်အစိုးရ ၊မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒေသထွက်ထောပတ်သီးနှင့် ကိုင်းဆက်အသီး တို့ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့၌ စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ထွက်ရှိသည့် ထောပတ်သီးကို အများဆုံး တင်ပို့လျက်ရှိကာ မြန်မာနိုင်ငံ၌ ဒေသထွက်ထောပတ်သီးတန်ချိန် ( ၄,၀၀၀ ) မှ (၅,၀၀၀) အထိ ထွက်ရှိပြီး ပြည်ပဈေးကွက်ဝင် ကိုင်းဆက်ထောပတ်သီးအနေဖြင့် တန်ချိန် (၁,၅၀၀) မှ (၂,၅၀၀ )အထိ ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here