ကွမ်းရွက်အထွက်များလာ၍ ကွမ်းဈေးငြိမ်

0
185

လက်ရှိတွင် ကွမ်းဈေးကွက်မှာ ဈေးငြိမ်နေပြီး ဈေးနှုန်းကွာဟမှုမှာလည်း နည်းပါးနေကြောင်း ကွမ်းရောင်းဝယ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

“လောလောဆယ် ကွမ်းက ဈေးကွက် နည်းနည်းအေးနေတယ်။ တစ်ပိဿာကို ကျပ် ၁၁၀၀၀၊ ၁၂၀၀၀ ပတ်ချာလည်နဲ့ပဲ ဒီဆောင်းတွင်းက သွားမယ်နဲ့တူတယ်”ဟု ကွမ်း လက်လီလက်ကားဖြန့်ချိရေး ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်သည့်ကွမ်းများကိုသာ မျှသုံးသည့် သဘောဖြစ်နေသဖြင့် ဈေးကွက်အေးနေကြောင်း ကွမ်းပွဲရုံများမှ သိရသည်။

“မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခုတည်းကို ကွမ်းကို မျှသုံးသလိုဖြစ်ပြီးတော့ ထွက်တဲ့ဒေသကလည်း နည်းနည်းများလာတော့ ကွမ်းဈေးကွက်က နည်းနည်းအေးလာတဲ့ သဘောပါပဲ” ဟု ကွမ်းပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ပြာသိုလတွင် ကွမ်းဈေးက တစ်ပိဿာ ကျပ် ၁၅၀၀၀ အထိ မြင့်တက်သွားခဲ့သော်လည်း ယခုနှစ်အတွင်း အဆိုပါဈေးတန်းသို့ ရောက်ရှိနိုင်ခြင်း မရှိတော့ကြောင်းလည်း ကွမ်းပွဲရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုထားသည်။

“ဒီနှစ်တော့ အဲဒီလောက်ကြီး မတက်တော့ဘူးလို့ ကျွန်တော် မှန်းထားတာပဲ။ ဘာဖြစ်လိုလဲဆိုတော့ မတ္တရာကွမ်းက ဈေးအမြောက်ဆုံးပဲ။ အခုကွမ်းဈေးက ၁၄၀၀၀ ပတ်ချာလည်ပဲ ရှိတယ်”ဟု ယင်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here