အိန္ဒိယ မြန်မာနယ်စပ်ကြား လွတ်လပ်စွာဖြတ်သန်းခွင့်ကိုရုပ်သိမ်းတော့မည်ဟု အိန္ဒိယအစိုးရဆို

0
190

နူးဒေလီ၊ဇန်နဝါရီ ၄

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတစ်လျှောက် လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် ‘Free movement FMR’ ကို မကြာခင်ပြန်ရုပ်သိမ်းမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရ အဖွဲ့၏တာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်ကြောင်းသိရသည်။

FMR သဘောတူညီချက်အရ မြန်မာနိုင်ငံအနေဖြင့်အိန္ဒိယနိုင်ငံသားများအား မြန်မာနယ်စပ်ဘက်ခြမ်းမှ ပိုင်နက် ၁၆ ကီလိုမီတာအထိ တရားဝင်စာရွက်စာတမ်းမပါဘဲ သွားလာလှုပ်ရှားခွင့်ပြုရမည်ဖြစ်သကဲ့သို့ အိန္ဒိယအစိုးရကလည်း မြန်မာနိုင်ငံသားများအား တရားဝင်စာရွက်စာတမ်းများကို စစ်ဆေးခြင်းမရှိဘဲ နှစ်နိုင်ငံနယ်စပ်မှ အိန္ဒိယနိုင်ငံဘက်ခြမ်း ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာခွင့်ပေးရမည်ဖြစ်သည်။

အိန္ဒိယအစိုးရ၏ အရှေ့မျှော်မူဝါဒ အရ ၂၀၁၈ ခုနှစ်တွင် နှစ်နိုင်ငံကြား FMR ကို စတင်အကောင်ထည်ဖော်ခဲ့ပြီး လက်ရှိအချိန်တွင် မဏိပူရ်ပြည်နယ်၊ မီဇိုရမ်၊နာဂလန်နှင့် ပရာဒက်ရှ်ပြည်နယ်တို့တွင် FMR သဘောတူညီချက်ကို ခွင့်ပြုခဲ့ကြောင်းလည်းသိရသည်။

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ၁,၆၄၃ ကီလိုမီတာအထိ နယ်နိမိတ်ချင်းထိစပ်နေသည့်အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

သို့သော် အိန္ဒိယကို တိုက်ခိုက်သည့်လက်နက်ကိုင်အဖွဲ့များသည် အိန္ဒိယစစ်တပ်ကိုတိုက်ခိုက်ပြီး မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးတိမ်းရှောင်ခြင်းများ၊ မြန်မာဘက်မှ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်သူများပိုမိုများပြားလာခြင်းနှင့် မူးယစ်ဆေးဝါး၊ရွှေမှောင်ခိုတင်သွင်းခြင်းများ မြင့်တက်လာခြင်းတို့ကြောင့် FMR သဘောတူညီချက်ကို ပြန်ရုပ်သိမ်းရန် စီစဉ်လိုက်ရခြင်းဖြစ်သည်ဟု အိန္ဒိယသတင်းများတွင်ဖော်ပြထားသည်။

အိန္ဒိယအစိုးရ၏တာဝန်ရှိသူတစ်ဦးကမူ “အိန္ဒိယနဲ့ မြန်မာနယ်စပ်ဒေသမှာခွင့်ပြုထားတဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် FMR ကိုပြန်ရုပ်သိမ်းပြီး မကြာမီမှာအချိန်တွင်းမှာပဲ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်တာတွေ လုပ်ဆောင်သွားပါမယ်။နယ်စပ်ဒေသတစ်လျှောက် ခြံစည်းရိုးခတ်တာကိုတော့ လေးနှစ်ခွဲကြာတဲ့အထိအကောင်ထည်ဖော်သွားမှာပါ။အကယ်၍ နယ်စပ်ဒေသကို ဖြတ်သန်းမယ်ဆိုရင်တောင် တရားဝင်ဗီဇာရှိမှပဲခွင့်ပြုပါတော့မယ်” ဟုပြောကြားခဲ့သည်။

အိန္ဒိယ၏ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အမ်ဘီယမ်ဆင်းသည်လည်း အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်မှုများကို ရပ်တန့်နိုင်ရန်အတွက် နယ်စပ်ဒေသတစ်လျှောက်ခွင့်ပြုထားသော FMR စနစ်ကို ပြန်ရုပ်သိမ်းရန် ၂၀၂၃ ခုနှစ် စက်တင်ဘာလအစောပိုင်းကတောင်းဆိုခဲ့ဖူး‌သေးကြောင်းသိရသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here