ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုကျရှုံးခဲ့သည့် ကစားသမား (၄) ဦးအား ပြိုင်ပွဲကစားခွင့် ပိတ်ပြီး အနိုင်ရလဒ်များ ပယ်ဖျက်ခံရ

0
188

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် FIFA-MFF U17 League 2023 ပြိုင်ပွဲတွင် အသက်စစ်ဆေးမှုကျရှုံးသည့် ကစားသမား (၄) ဦးအား ပြိုင်ပွဲကစားခွင့် ပိတ်ပြီး အနိုင်ရလဒ်များ ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယနေ့ ဇန်နဝါရီလ (၅) ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

လတ်တလောထွက်နေသည့် သတင်းများအရ ယူ ၁၇ လိဂ်ပြိုင်ပွဲတွင် အသက်မှန်ကန်မှု ရှိစေရေးနှင့် သန့်ရှင်းမျှတစွာ ကစားနိုင်ရေးတို့အတွက် ယမန်နေ့ ဇန်နဝါရီ (၄)ရက်၊ နံနက် (၁၀)နာရီက လူငယ်ပြိုင်ပွဲများ အသက်စိစစ်ရေး အဖွဲ့သည် ပြိုင်ပွဲဝင် ကလပ်အသင်းများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများအား ခေါ်ယူ၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

သံသယဖြစ်ဖွယ်ကစားသမားများအား ထပ်မံဆေးစစ်မှုများ နှင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အသက်စိစစ်ရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် ပြိုင်ပွဲဝင် ကစားသမားမှတ်ပုံတင် စာရွက်စာတမ်းများ၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီး အစီရင်ခံစာများ ကြည့်ရှု့သုံးသပ်ပြီး သံသယဖြစ်ဖွယ် ကစားသမားများ၏ ဆေးစစ်မှုရလဒ်များအား စစ်ဆေးကာ အရေးယူများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးစစ်ချက်ရလဒ်များအရ Shwe Pyi Thar FC မှ (၁)ဦး၊ Phar Si Myay FC မှ (၁)ဦး၊ Burmese Youth FC မှ (၁)ဦးနှင့် Artharwady FC မှ (၁)ဦး စုစုပေါင်း (၄) ဦးသည် အသက်ကျော်လွန်နေကြောင်း တွေ့ရှိရသဖြင့် FIFA-MFF U17 League 2023/24 ပြိုင်ပွဲတွင် ပါဝင်ကစားခွင့် မပြုရန်၊ သက်ဆိုင်ရာ အသင်းအုပ်ချုပ်နည်းပြ အဖွဲ့ဝင်များအား နောက်နောင် ပြိုင်ပွဲများတွင် အလားတူ မဖြစ်စေရန် အတွက် ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ (၂၉) ရက်တွင် ယူ ၁၇ လိဂ် ပြိုင်ပွဲ ပထမအပါတ် ပွဲစဉ် ၁ ၊ ၂ တို့မှ အနိုင်ရရှိထားသော Phar Si Myay FC နှင့် Artharwady FC တို့၏ ပွဲစဉ် အနိုင်ရလဒ်များအား ပယ်ဖျက်လိုက်ကြောင်းလည်း သိရသည်။

FIFA-MFF U17 League 2023/24 ပြိုင်ပွဲ ကျင်းပရေး အနေဖြင့် ပြိုင်ပွဲဝင် ကစားသမား မှတ်ပုံတင် စာရွက်စာတမ်းများ စနစ်တကျ ပြုစုထားရှိမှု အားနည်းကြောင်း တွေ့ရှိရသဖြင့် နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်စေရန် ပြင်းထန်စွာ သတိပေးထားသည်ကိုလည်း တွေ့ရသည်။

(ဥပမာ- ပြိုင်ပွဲဝင် ကစားသမား မှတ်ပုံတင်စာရွက်စာတမ်းတွင် မပါရှိဘဲ ပွဲထွက်လူစာရင်းတွင် ထည့်သွင်း ကစားထားသည်ကို တွေ့ရှိရခြင်း။)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသော လူငယ်ပြိုင်ပွဲများတွင် မရိုးသားစွာဖြင့် အသက်မှန်ကန်မှုမရှိဘဲ ဝင်ရောက်ယှဉ်ပြိုင် ကစားမှုများ စစ်ဆေးတွေ့ရှိပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here