နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် – မြန်မာ ဆွေးနွေး

0
190

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ တွေ့ဆုံကာဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်သည် ယနေ့ ဇန်နဝါရီလ (၅) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ လာရောက်ကာ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လတ်တလောတွင် မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့များအကြား စစ်ရေးတင်းမာနေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာရရှိသည့် ဖြစ်စဉ် ဖြစ်ပွားထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်အစိုးရဘက်မှ အပြင်းအထန် သတိပေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ နေပြည်တော် ခရီးစဉ် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာ – တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေးကိုလည်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးများ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဆီယံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဒေသဆိုင်ရာယန္တရားမူဘောင်အောက်တို့မှ ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက်မြှင့်တင်သွားရေးကိစ္စရပ်များနှင့် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာအမြင်ချ င်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here