အီရန်က ဈေးတိုးတောင်းသဖြင့် တရုတ်ဖက်မှ ရေနံအဝယ်ကျဆင်းလာ

0
488

အီရန်သည် တရုတ်ဝယ်လက်များထံမှ ရေနံစျေးနှုန်းမြင့်တင်တောင်းဆိုမှုများကြောင့် တရုတ်ဖက်မှ ဝယ်ယူမှုကျဆင်းခဲ့ကြောင်း ရေနံချက်စက်ရုံနှင့် ကုန်သွယ်မှုသတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယင်းသတင်းအရ ပြီးခဲ့သည့်နိုဝင်ဘာလတွင် အီရန်နှင့် တရုတ်တို့သည် Brent ရေနံထောက်ပံ့မှုအတွက် တစ်စည်လျှင် ၁၀ ဒေါ်လာလျှော့စျေးဖြင့် သဘောတူညီမှုရရှိခဲ့သည်။ သို့သော် ဒီဇင်ဘာလအစောပိုင်းတွင် အီရန်က အဆိုပါလျှော့စျေးကို ၁၀ ဒေါ်လာလျှော့မပေးတော့ပဲ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရောင်းချမှုများအတွက် ၅ ဒေါ်လာမှ ၆ ဒေါ်လာအထိသာ လျှော့ပေးနိုင်တော့မည်ဟု တရုတ်ဝယ်လက်များကို အသိပေးခဲ့သည်။ နိုင်ငံတကာ ရေနံအသိုင်းအဝိုင်းက အီရန်၏လုပ်ရပ်များသည် ယခင်ရရှိထားသည့် သဘောတူညီချက်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏တောင်းဆိုချက်အပေါ် အမျိုးသား အီရန်ရေနံကုမ္ပဏီ၊ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အမေရိကန် ဘဏ္ဍာရေးဌာနတို့က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

အီရန်မှ တရုတ်တို့ရေနံတင်သွင်းမှုသည် တရုတ်နိုင်ငံတင်သွင်းမှုအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here