လောက်ကိုင်ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် အဖက်ဖက်မှ စဉ်းစားခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း နစက ပြောခွင့်ရသူ ပြော

0
26112

‌ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိက မြို့ဖြစ်သည့် လောက်ကိုင်မြို့ကို တပ်မတော်မှ စွန့်လွှတ်လိုက်ရခြင်းနှင့် ပတ်သက်၍ တပ်မတော်က အဖက်ဖက်မှ စဉ်းစားကာ ဒေသခံတပ်မှူးများအနေဖြင့် အကောင်းဆုံး စဉ်းစားဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် သတင်းနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုအပေါ် ၎င်းက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“တပ်မတော် အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဥ်းစားခဲ့ပါတယ်။ စဥ်းစားခဲ့တဲ့နေ ရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်။ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဥ်းစားခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ် – မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း မြန်မာ့တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် MNDAA တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ နှစ်လကျော်အချိန်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိတွင် MNDAA က ကိုးကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်ထားသည့်အခြေအနေလည်း ဖြစ်သည်။

မြန်မာတပ်မတော်အနေဖြင့် တရုတ် – မြန်မာ နယ်စပ်ဒေသဖြစ်နေသည့်အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေရပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့် နည်းပညာအသာစီးဖြင့် တိုက်ခိုက်နေကြောင်း တပ်မတော်ခေါင်းဆောင်က ပြီးခဲ့သည့်လအတွင်းက ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ဖိအားပေးမှုများနှင့်လည်း ကြုံနေရခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေတွင် တပ်မတော်အနေဖြင့် တရုတ် – မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားကာ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

” အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင် လုပ်ဆောင်နေတာတွေရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီးဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ဘဲ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် MNDAA အပါအဝင် မြောက်ပိုင်း (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့ (၂) ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်မထွက်ခဲ့ဘဲ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ခြင်းလည်း ဖြစ်သည်။

“တပ်မတော် အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ (၇၆) နှစ် ရှိပြီး မြန်မာနိုင်ငံ မတိုးတက်တာတွေဟာပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆိုတာသိသာတယ်။ ဒါကြောင့်ဒီလက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးကို ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်၏ သဘောထားကို ပြောပြသည်။

လတ်တလော ထွက်ပေါ်နေသည့်သတင်းများအရ ဒကစမှူးအပါအဝင် အရာရှိများ ၊ တပ်မတော်သားများ ၊ ပြည်သူ့စစ်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ မိသားစုဝင်များ အယောက် (၃၇၀၀) ကျော်ကို လားရှိုးသို့ ပြန်နိုင်ရန် MNDAA ဘက်က စီစဉ်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here