ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၄) ခုဝင်​ရောက်

0
129

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ် (၄) ခုကိုခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ (၅)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရုံးအမှတ် (၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်မှု ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၄) ခု ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၄၈ ,၈၆၄.၉၅၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၉၂ ဦး ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း အစည်းအဝေးမှ သိရသည်။

စီးပွားရေးကဏ္ဍ (၁၂)ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၅၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်းအသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်း / ပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here