နယ်မြေမတည်ငြိမ်မှုများကြောင့် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ကျဆင်း

0
174

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးသည် နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်သွယ်မှုကျဆင်းနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်၏ ရှစ်လတာကာလအတွင် မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှု ကျဆင်းလာပြီး သွင်းကုန်တင်သွင်းမှု မြင့်တက်လာကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃ ဧပြီလမှ ဒီဇင်ဘာလ (၂၂) ရက်အထိ ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလီယံကျော်ရရှိထားပြီး တရုတ်နိုင်ငံဘက်မှ ကန်ဒေါ်လာ ၉၉၈ ဒသမ ၆၅၃ သန်းတန်ဖိုးရှိ သွင်းကုန်များတင်သွင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၇၀ ဘီလီယံကျော်ရရှိထားသည့်အတွက် ကာလတူ နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၁၄၉ ဒသမ ၇၉၂ သန်းလျော့ကျနေခြင်းဖြစ်သည်။

လတ်တလော လုံခြုံရေးအခြေအနေများကြောင့် မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့မှ ပို့ကုန်/သွင်းကုန်များ တင်ပို့ရန် အခက်အခဲရှိပြီး အဆိုပါ ကုန်သွယ်ရေးဇုန်များမှ တင်ပို့ရန် လိုင်စင်ရထားပြီးသော ပစ္စည်းများအား မြန်မာ – တရုတ်နယ်စပ်နှင့် ထိုင်း-မြန်မာနယ်စပ် အခြားမည်သည့် နယ်စပ်ကုန်သွယ်ရေး စခန်းမှမဆို ပြောင်းလဲ တင်ပို့ခွင့်ပေးမည် ဖြစ်သလို ပင်လယ်ရေကြောင်းမှလည်း တင်ပို့ခွင့်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပြီးဖြစ်သည်။

လက်ရှိတွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုတည်းတွင်သာမကဘဲ တိုက်ပွဲများနေရာအနှံ့ ဖြစ်ပွားလျက်ရှိသလို အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးမှာလည်း ရပ်ဆိုင်းလုနီးပါးအခြေအနေတွင်ရှိနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here