မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအားပေးထောက်ခံသွားမည်ဟု တရုတ်နိုင်ငံပြော

0
222

လတ်တလော စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသည့် မြန်မာပြည်မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားလာသည်။

ဇန်နဝါရီ (၅) ရက်က နေပြည်တော်တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Sun Weidong က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံအားပေးသွားပါမယ်” ဟု Mr. Sun Weidong က ပြောသည်။

မြန်မာပြည်မြောက်ပိုင်းကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် တရုတ် – မြန်မာ ကုန်သွယ်မှု လမ်းကြောင်းမှာ လုံးဝနီးပါး ရပ်တန့်နေပြီး အဆိုပါ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ထိခိုက် ဒဏ်ရာရရှိမှုများ ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လောက်ကိုင်မြို့အနီး တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ မြန်မာခရီးစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်ကာ ဆက်သွယ်ရေးလိမ်လည်မှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား ပူးပေါင်းတိုက်ဖျက်ကာ ဒေသတွင်း တည်ငြိမ် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူလက်တွဲမြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း Mr. Sun Weidong က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံကို စဉ်ဆက်မပြတ် အရည်အသွေးမြင့်ကာ အတူတကွ တည်ဆောက်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားရန် သဘောတူညီခဲ့ကြောင်းလည်း သိရသည်။

Mr. Sun Weidong သည် မြန်မာနိုင်ငံ ခရီးစဥ်အတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here