မြန်မာမှတိမ်းရှောင်လာသူများအား ပုံမှန်အခြေအနေပြန်မဖြစ်ဘဲ နေရပ်သို့အတင်းအကြပ်ပြန်မလွှတ်ဟု အိန္ဒိယဆို

0
173

နူးဒေလီ၊ဇန်နဝါရီ ၆

အိန္ဒိယအစိုးရအနေဖြင့် မြန်မာမှနေရပ်စွန့်ခွာတိမ်းရှောင်လာသူများကို မိခင်နိုင်ငံသို့ အတင်းအကြပ်ပြန်ပို့မည်မဟုတ်ကြောင်း၊မြန်မာနိုင်ငံ၏အခြေအနေတည်ငြိမ်ကောင်းမွန်ချိန်မှသာ အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနေရပ်စွန့်ခွာသူများအား မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း အိန္ဒိယဗဟိုအစိုးရအဖွဲ့ပြည်ထဲရေးဝန်ကြီး အာမစ်ရှား ကပြောကြားခဲ့သည်ဟုသိရသည်။

အိန္ဒိယဗဟိုအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းက မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသောမြန်မာနိုင်ငံသားများအား မျက်နှာ နှင့် လက်ဗွေ အချက်အလက်များကို ကောက်ခံမှုနှင့်ပတ်သက်၍ အဓိကထာဆွေးနွေး ခဲ့ကြောင်းလည်းသိရသည်။

အိန္ဒိယပြည်ထောင်စုဝန်ကြီးကမူ “မြန်မာနိုင်ငံ ပုံမှန်အတိုင်း ပြန်မဖြစ်ခင်အချိန်အထိ မီဇိုရမ်ပြည်နယ်အတွင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို မိခင်နိုင်ငံကို အတင်းအကြပ်ပြန်ပို့မှာမဟုတ်ပါဘူး။ဒီအချက်ကို မီဇီုရမ်ပြည်သူတွေကိုသိစေလိုပါတယ်”ဟုပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖြစ်ရပ် နောက်ပိုင်းကတည်းက အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အရေအတွက် သည် အနည်းဆုံး ၃၁,၀၀၀ ကျော်ရှိနေကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံ၊ချင်းပြည်နယ်၌နေထိုင်သည့် မီဇို လူမျိုးများနှင့်မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်နေသည့် လူမျိုးအချို့သည် မျိုးနွယ်တူဆွေမျိုးများဖြစ်နေရာ မြန်မာနိုင်ငံသားများသည် မီဇိုရမ်ပြည်နယ်အတွင်းရှိ ၎င်းတို့ဆွေမျိုးများအိမ်တွင်နေထိုင်ခြင်း၊အိမ်များငှားရမ်းနေထိုင်ခြင်းများရှိနေသည်ဟုလည်းပြောကြားခဲ့သည်။

Source : အင်န်ဒီတီဗွီ


LEAVE A REPLY

Please enter your comment!
Please enter your name here