ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမတိုင်မီ မဲရုံများနှင့် ခရီးသည်တင်ရထား မီးရှို့ခံရမှုတို့ဖြစ်ပွားခဲ့ပြီး အတိုက်အခံပါတီဝင် ၇ ဦးကို ရဲက ဖမ်းဆီးထား

0
177

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိကအတိုက်အခံပါတီက သပိတ်မှောက်ထားတဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုမှာ မဲရုံလေးခု အပါအဝင် မူလတန်းကျောင်း ငါးကျောင်းထက်မနည်းကို အမည်မသိလူတစ်စုက မီးရှို့ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က စနေနေ့မှာ ပြောဆိုပါတယ်။

ဒါ့အပြင် သောကြာနေ့ညက ဒါကာမြို့လယ်မှာ ရထားတစ်စီး မီးရှို့တိုက်ခိုက်ခံရတာကြောင့် တွဲလေးတွဲ မီးလောင်ကျွမ်းခဲ့ပြီး လူ လေးဦး‌ေ-သဆုံးကာ ၈ ဦး ဒဏ်ရာရမှုဖြစ်ခဲ့ပါတယ်။

ဒါကာမြို့ ဆင်ခြေဖုံးဂါဇီပူရ်မြို့မှာ ဖြစ်ခဲ့တဲ့ မီးလောင်ကျွမ်းမှုတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပေမယ့် ညသန်းခေါင်ယံမှာ စာသင်ကျောင်းတွေကို မီးရှို့တိုက်ခိုက်တာဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြံရွယ်တဲ့ မကောင်းမြင်သူတွေရဲ့ လုပ်ရပ်လို့ သံသယရှိကြောင်း ဆိုခဲ့ပါတယ်။

တဖန် လူစီးရထား မီးရှို့တိုက်ခိုက်မှုမှာတော့ အတိုက်အခံပါတီရဲ့လက်ချက်ဆိုကာ ရဲတပ်ဖွဲ့က စနေနေ့မှာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP) ရဲ့ ပါတီဝင် ၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ယင်း မီးရှို့မှုဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှစကာ မီးရထားဝန်ဆောင်မှုတွေအပေါ်ပစ်မှတ်ထားခံလာရတဲ့ မီးရှို့တိုက်ခိုက်မှုတွေမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ဒါတွေဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမတိုင်မီမှာ BNP ပါတီကလုပ်ဆောင်လာတဲ့ လူ‌ေ-သဆုံးစေသာ အဖျက်အမှောင့်လုပ်ရပ်တွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ BNP ပါတီ အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ နာဘီအူလာ နာဘီနဲ့ နောက်ထပ် ပါတီဝင် ခြောက်ဦးကို စနေနေ့အစောပိုင်းက မြို့တော်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

“ဒီတိုက်ခိုက်မှုကို နာဘီက ငွေကြေးထောက်ပံ့ပြီး ကြိုးကိုင်စီမံခဲ့တာပါ” လို့ ဒါကာမြို့တော်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရွတ် ဟူစိန်က AFP သတင်းဌာနကို ဖုန်းဆက်သွယ်ဖြေကြားခဲ့ပါတယ်။

BNP နဲ့ အခြား အတိုက်အခံပါတီ ဒါဇင်ချီဟာ တနင်္ဂနွေနေ့ မဲပေးမှုကို သပိတ်မှောက်ထားခဲ့ကြပြီး ဒီရွေးကောက်ပွဲဟာ သက်တမ်းရှည်ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ အုပ်ချုပ်မှုကို ခိုင်မာစေမယ့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ ၎င်းတို့က ဝေဖန်ခဲ့ကြပါတယ်။

မီးရှို့မှုတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို BNP က ပြင်းပြင်းထန်ထန် ပယ်ချခဲ့ပြီး ဒီဖြစ်စဉ်တွေအပေါ် နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Ref: Nikkei Asia, CNA


LEAVE A REPLY

Please enter your comment!
Please enter your name here