နစက အနေဖြင့် လက်ရှိပဋိပက္ခများကို ဖြေရှင်းရန် နည်းလမ်းရှိထားပြီဟု ခန့်မှန်းရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့ သုံးသပ်

0
502

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများအပြင် ယခင်ရှိနှင့်ပြီးသား နာတာရှည် ပဋိပက္ခများကို ဖြေရှင်းရန် နစက အစိုးရတွင် နည်းလမ်းရှိထားပြီး အသင့်အနေအထား ရှိနေသည်ဟု သုံးသပ်ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က သုံးသပ်ကြသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခ အရှိန်မြင့်လာပြီး တပ်မတော်စစ်စခန်းအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း ၊ ထိန်းချုပ်နယ်မြေအချို့ လက်လွှတ်ခဲ့ရခြင်းများ ကြုံတွေ့နေရပြီး စစ်ရေးအရ အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်လည်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များသည် မြန်မာ့တပ်မတော် သမိုင်းတစ်လျှောက်တွင် မကြုံစဖူးသည့် အရေးနိမ့်မှုများ ဖြစ်နေပြီး တပ်မတော်၏ အင်အားချိနဲ့မှုကိုပြသနေခြင်း ဖြစ်ကြောင်း နိုင်ငံရေး စစ်ရေး​လေ့လာသူများက သုံးသပ်နေကြသည်။

တချိန်တည်းတွင် တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းဖြင့် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလာနိုင်ကြောင်းသုံးသပ်မှုများလည်း ရှိနေခြင်းဖြစ်သည်။

” သူတို့ဘက်က ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေတဲ့သဘောပါပဲ။လက်ရှိ ပြဿနာကိုလေ။ ဖြေရှင်းဖို့ နည်းလမ်းလည်း တွေ့ထားပုံပါပဲ။ ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိထားပုံရပါတယ်။ ဒါပေသိ အခြေခံ ဥပဒေအတိုင်းပဲ ဖြေရှင်းသွားရမှာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံပါ နည်းလမ်းတွေအတိုင်းပဲ ဖြေရှင်းရမှာပေါ့။ ဒါက အခြေခံ ဥပဒေဆိုင်ရာ ပြဿနာလေ ” ဟု ဇန်နဝါရီ (၆) ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးစကပင် စတင်ခဲ့သည့် ပြည်တွင်းစစ်မီးသည် (၇၆) နှစ်တာ ရှည်ကြာလာကာ နာတာရှည် ခံစားနေရပြီး ညှိနှိုင်းမှုဖြင့် လွတ်လပ်ရေးရယူခဲ့ကြသည့် ပင်လုံစာချုပ်ပါ ကတိကဝတ်များကို ပြန်လည် သုံးသပ်ရမည့်အချိန်ပင် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လတ်တလေ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့မှုများကြောင့် ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသွားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ (၇၆) နှစ် ရှိပြီး မြန်မာနိုင်ငံ မတိုးတက်ဘဲ ရှိနေရခြင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ကြောင်းလည်း နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ (၅) ရက် ညနေပိုင်းတွင် ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ချုပ်ငြိမ်းနိုင်ရေးအတွက် တပ်မတော်အနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသများအပါအဝင် ၊ ကချင်၊ ကယား ၊ ကရင်၊ မွန် ၊ ရခိုင် ၊ မကွေး ၊ စစ်ကိုင်း စသည့် ဒေသများတွင် စစ်ရေးတင်းမာမှုများ ၊ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူ သိန်းနှင့်ချီကာ စစ်ဘေးဒဏ်ခံစားနေရပြီး အိုးအိမ် တိုက်တာများ၊ သာသနိက အဆောက်အဦများ အပါအဝင် အရပ်ဘက်အဆောက်အဦအများအပြား ထိခိုက်ပျက်ဆီးမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here