အတိုက်အခံပါတီ မပါဝင်သော ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ စတင်

0
121

အတိုက်အခံပါတီက သပိတ်မှောက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ပဉ္စမမြောက် သက်တမ်းအတွက် အာမခံချက်ပေးမယ့် ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ မဲပေးမှုတွေ ဇန်နဝါရီ ၇ ရက်မှာ စတင်နေပြီဖြစ်ပါတယ်။

မစ္စ ဟာစီနာဟာ တစ်ချိန်က ဆင်းရဲနွံနစ်နေခဲ့တဲ့နိုင်ငံကို စီးပွားရေးတိုးတက်လာအောင် ဦးဆောင်ဦးရွက်ပြုခဲ့ပေမယ့် သူမရဲ့ အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတိုက်အခံတွေအပေါ် ရက်စက်စွာဖြိုခွင်းမှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

သူမရဲ့ပါတီဟာ ယှဉ်ပြိုင်ရမယ့်မဲဆန္ဒနယ်တွေမှာလောက်လောက်လားလားပြိုင်ဘက် မရှိသလောက်နီးပါးဖြစ်​နေရက်နဲ့ ဥပဒေပြုလွှတ်တော်ကို တစ်ပါတီတည်းချုပ်ကိုင်တဲ့ အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ခံရခြင်းမျိုးဖြစ်မလာအောင်​ ပြိုင်ဖက်ကိုနေရာအနည်းငယ်မှာ ဝင်ရောက်ယှဉ်ပြိုင်​စေခြင်းမျိုး​တောင် မပြုခဲ့ဘူးလို့ သိရပါတယ်။

အစုအပြုံလိုက် ဖမ်းဆီးခံရခြင်းတွေကြောင့် ပါတီထိပ်ပိုင်းအရာရှိတွေ ဆုံးရှုံးထားတဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP) ကတော့ အတုအယောင် ရွေးကောက်ပွဲမှာ လူထုအနေနဲ့ ပါဝင်မဲပေးခြင်း မပြုကြဖို့ တိုက်တွန်းကာ သီတင်းပတ်ကုန် အထွေထွေသပိတ်ကို ဆင်နွှဲနေပါတယ်။

သို့ပေမယ့် အသက် ၇၆ နှစ်အရွယ် မစ္စ ဟာစီနာကတော့ လူထုအနေနဲ့ ဆန္ဒမဲ သွားထည့်ကြပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှုကို ပြသကြဖို့ တိုက်တွန်းဆော်သြခဲ့ပါတယ်။

“BNP က အကြမ်းဖက် အဖွဲ့အစည်းတစ်ခုပါ” လို့ ဒါကာစီးတီးကောလိပ် မဲရုံမှာ မဲပေးအပြီး ပြန်ထွက်လာတဲ့ ဟာစီနာက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ “ဒီနိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ရှိနေစေရေး သေချာအောင် ကျွန်မ အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်” လို့ သူမက ဆက်လက်ပြောဆိုပါတယ်။

မဲရုံတွေကို ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး မဲရလဒ်တွေကတော့ ညသန်းခေါင်ကျော်လောက်မှာ ထွက်ပေါ်ဖို့ရှိတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here