၉ လအတွင်းပြည်ပသို့ ရေထွက်ကုန်တန်ချိန်၃သိန်းခွဲနီးပါးတင်ပို့ထား

0
141

၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ထွက်ပေါက်များမှတဆင့် ပြည်ပသို့ ရေထွက်ကုန်တန်ချိန် (၃၄၅,၀၀၀) ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ (၅၁၈)သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အမေရိကန်နှင့် ထိုင်းနိုင်ငံသို့ ရေထွက်ကုန် အများဆုံးတင်ပို့ထားခြင်းဖြစ်ပြီး အမယ်အလိုက် တင်ပို့မှုတွင် ငါးအုပ်စုအနေဖြင့် တန်ချိန် ၂ သိန်း ၁ သောင်းကျော်တင်ပို့ထားပြီး ကန်ဒေါ်လာ ၂၆၂ သန်းရရှိထားကာ ပုစွန်အနေဖြင့် တန်ချိန် ၈၄၃၂ တန်နှင့် ကန်ဒေါ်လာ ၃၂ သန်းရရှိထားကြောင်း သိရသည်။

ထို့အပြင် ငါး၊ပုစွန်မဟုတ်သည့် အခြားရေထွက်ကုန်တင်ပို့မှုမှာတန်ချိန် ၁၃၀၅၂၆ တင်ပို့ထားပြီး ကန်ဒေါ်လာ ၂၂၃ ဒသမ ၇၀၇ သန်းရရှိ‌ထားကြောင်းလည်း သိရသည်။

မြန်မာ့ရေထွက်ကုန်တွေကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေလည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့်ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။

ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀) ကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်ကတဆင့် အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here