လာအို ဝါရင့်သံတမန်ဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်

0
258

လာအိုနိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံအဖြစ် ဝါရင့်သံတမန်ဟောင်းတစ်ဦးကို ခန့်အပ်လိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေက ပြောဆိုကြောင်း ထိုင်း PBS သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ်ရုံးဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ Alounkeo Kittikhoun ကို လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က မြန်မာဆိုင်ရာ အာဆီယံအထူးသံအဖြစ် ခန့်အပ်လိုက်တာလို့ သိရပါတယ်။ ဇန်နဝါရီ ၁ ရက်မှာ တာဝန်ထမ်းဆောင်တဲ့ အာဆီယံသံတမန်အသစ်နဲ့ပတ်သက်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ၎င်းရဲ့ အာဆီယံလုပ်ဖော်ကိုင်ဖက်တွေကို အသိပေးအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

Alounkeo ဟာ ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်အဖြစ်လည်း ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီး လာအိုနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင် သူ့ကို ရာထူးခန့်အပ်လိုက်တာဖြစ်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတော့ မြို့တော်ဟောင်း လွန်ပရာဘန်မှာ ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မြန်မာဆိုင်ရာ အထူးသံ အမြန်ခန့်အပ်ရခြင်းဟာ ဥက္ကဋ္ဌတာဝန်ယူမယ့် လာအိုအနေနဲ့ အာဆီယံ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး အလေးအနက်ထားတယ်ဆိုတာကို ဖော်ပြနေတယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းအကြီးတန်း သံတမန်တစ်ဦးက ပြောဆိုခဲ့ပါတယ်။

လာအိုအနေနဲ့ မြန်မာ့အရေး ချဉ်းကပ်ရာမှာ ယခင် ဥက္ကဋ္ဌနိုင်ငံဟောင်းတွေဖြစ်တဲ့ ဘရူနိုင်း၊ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ ရရှိခဲ့တဲ့ ဖြစ်ထွန်းမှုတွေအပေါ် အခြေပြုတည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့အရေး ဘက်ပေါင်းစုံ ပါဝင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းသော ဖြေရှင်းနည်းရှာဖွေရာမှာ မြန်မာကို အကူအညီပေးသွားမယ့် အာဆီယံရဲ့ ကတိကဝတ်ကို လာအိုက ထောက်ခံဖော်ဆောင်သွားမယ်လို့လည်း သတင်းမှာ ဖော်ပြခဲ့ပါတယ်။

Ref: Thai PBS News


LEAVE A REPLY

Please enter your comment!
Please enter your name here