တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ငါးနှစ်တစ်ကြိမ်လုပ်နိုင်ရန်ဆောင်ရွက်နေ

0
165

တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်အဆင့်အနေဖြင့် ငါးနှစ်တစ်ကြိမ်ကောက်ယူပြုစုသွားနိုင်ရန်ဆောင်ရွက်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပထမဦးဆုံအကြိမ်အနေဖြင့် ၂၀၁၈ ခုနှစ်တွင်ကောက်ယူခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဒုတိယအကြိမ် ကောက်ယူကာ စာရင်းများကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း၌ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြို့နယ်များတွင် ကွင်းဆင်းစာရင်းကောက်ယူရာ Comm Care Application ကို အသုံးပြုပြီး Mobile/Tablet များဖြင့် စာရင်းကောက်ယူခြင်း၊ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာတွင် အပြီးသတ်ကောက်ပြီးသည့် စာရင်းများကို စိစစ်ခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်ရေစာရင်း ခန့်မှန်းတွက်ချက်ခြင်းများကို ဗဟိုကော်မတီအတွင်းရေးမှူးရုံးအဖွဲ့မှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ပြည့်နှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြေပြင်ကွင်းဆင်းကောက်ယူခြင်း မပြုတော့ဘဲ စာရင်းကိန်းဂဏန်းတွက်ချက်နည်းဖြင့်သာ ပြုစုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်းရှိ မွေးမြူရေးတိရစ္ဆာန်များ၏ အကောင်ရေ အတိုးအလျော့ အပြောင်းအလဲများသည် စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသဖြင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကောင်ရေစာရင်းဇယားများကို မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံးမှန်ကန်စွာရရှိနိုင်ရေးနှင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ ပြန်လည်တည့်မတ်နိုင်ရေးကို ရည်ရွယ်၍ ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ် စာရင်းကောက်ယူခြင်းကို တိုင်းဒေသကြီး၊ ပြည်နယ် (၁၅) ခုရှိ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ကောက်ယူရာ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်အတူ FAO-LIFT စီမံကိန်းမှ ပါဝင်ကူညီကာစီမံချက်ရေးဆွဲခြင်း၊ သင်တန်းများပို့ချခြင်း၊ စာရင်းကောက်နည်းပညာနှင့် အချက်အလက်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းအရ မြန်မာနိုင်ငံတွင် ဒေသနွားကောင်ရေ ကိုးသန်းကျော်ရှိပြီး၊ နို့စားနွားကောင်ရေ တစ်သိန်းကျော်၊ ကျွဲကောင်ရေ နှစ်သန်းကျော်၊ နွားနောက်ကောင်ရေ သုံးသိန်းကျော်ရှိသည်ဟုဆိုသည်။

ထို့အပြင် တိရစ္ဆာန်ငယ်များ ဖြစ်သည့် ဆိတ်ကောင်ရေ ၁ ဒသမ ၇ သန်း၊ ဝက်ကောင်ရေ ၅ ဒသမ ၇ သန်း၊ ဒေသကြက် ၄၄ သန်းကျော်၊ အသားစားကြက်ကောင်ရေ ၁၆ သန်းကျော်နှင့် ဥစားကြက်ကောင်ရေ ၁၂ သန်းကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here