ထိုင်ဝမ်သို့လက်နက်ရောင်းသည်ဟုဆိုကာ အမေရိကန်ကုမ္ပဏီငါးခုအားတရုတ်ပိတ်ဆို့ဒဏ်ခတ်

0
228

ပေကျင်း၊ဇန်နဝါရီ ၇

အမေရိကန် က ထိုင်ဝမ်သို့ နောက်ဆုံးအကြိမ်လက်နက်ရောင်းချမှုကို တုန့်ပြန်သည့်အနေဖြင့် တရုတ်က အမေရိက၏လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီငါးခုအား ပိတ်ဆို့ဒဏ်ခတ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရက တွင်တွင်ငြင်းဆို‌နေသည့်ကြားမှပင် တရုတ်သည်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နယ်မြေတစ်ခုအဖြစ်သတ်မှတ်ထားပြီး ထိုင်ဝမ်သို့လက်နက်‌များရောင်းချပေးနေသည့်အမေရိကသည်လည်း တရုတ်၏မျက်မုန်းကျိုးစရာဖြစ်လာကာ နှစ်နိုင်ငံကြား တင်းမာမှုများလည်းမြင့်တက်လာခဲ့သည်။

ထိုင်ဝမ်၌ လာမည့် ၁၃ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲသည် တရုတ်နှင့်ဆက်ဆံရေးတွင် ငြိမ်းချမ်းရေးလား၊စစ်လား ရွေးချယ်ရခြင်းနှင့်လည်းတူသည်ဟုတရုတ်ကဆိုသည်။

အကြောင်းမှာ တရုတ်သည် လက်ရှိထိုင်ဝမ်သမ္မတအား အန္တရာယ်ရှိသည့်ခွဲထွက်ရေးသမားအဖြစ်သာရှုမြင်ပြီး သမ္မတဆိုင်အင်ဝမ်၏ ဆွေးနွေးရန်ကမ်းလှမ်းချက်များကို အကြိမ်ကြိမ်ပယ်ချခဲ့ကာ ထိုင်ဝမ်၏အတိုက်အခံပါတီ‌ကမူ တရုတ်နှင့်ဆွေးနွေးလိုသောဆန္ဒရှိေသာကြောင့်လည်းဖြစ်သည်။

ထိုင်ဝမ်၏ နည်းဗျူဟာဆိုင်ရာ သတင်းအချက်အလက်စနစ်များထိန်းသိမ်းရာ၌ အကူအညီဖြစ်စေရန် အမေရိက က ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စက်ပစ္စည်းကိရိယာများအားရောင်းချမည့်အစီီအစဥ်အား အမေရိကန်နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့်လကအတည်ပြုခဲ့ကြောင်းလည်းသိရသည်။

မကြာသေးမီက အတည်ပြုခဲ့သည့်လက်နက်ရောင်းချမှုသည် တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုဆိုးရွားစွာထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်အေးချမ်းမှုကို ဆိုးရွားစွာ ထိခိုက်စေကြောင်းလည်း တရုတ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက၎င်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်ဘက်မှ ဒဏ်ခတ်အရေးယူမည့်ကုမ္ပဏီများမှာ BAE Systems Land and Armaments၊ Alliant Techsystems Operations၊ AeroVironment၊ Viasat နှင့် Data Link Solutions တို့ဖြစ်ကြသည်။

တရုတ်နိုင်ငံသည် အဆိုပါကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို ရပ်တန့်လိုက်ပြီး တရုတ်နိုင်ငံရှိ လူများ သို့မဟုတ် အဖွဲ့အစည်းများအား ၎င်းတို့နှင့်ဆက်ဆံခြင်းကိုတားမြစ်မည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပေကျင်းအခြေစိုက်အမေရိကန်သံရုံးအား မှတ်ချက်ပြုရန်တောင်းဆိုခဲ့သော်လည်း ချက်ချင်းမတုန့်ပြန်သေးကြောင်းသိရသည်။

Source : ရိုက်တာ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here