ယူကရိန်းအတွက် ဒရုန်းဖျက်စနစ်တွေ ထောက်ပံ့ကူညီမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတိပြု 

0
154

ယူကရိန်းနိုင်ငံကို ကြိုတင်ကြေညာခဲ့ခြင်းမရှိဘဲ တနင်္ဂနွေနေ့မှာ ရောက်ရှိလာခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါက တိုကျိုအနေနဲ့ စစ်ဘေးသင့်နိုင်ငံကို ဒရုန်းထောက်လှမ်းမှုနည်းစနစ်တွေ အကူအညီပေးမှုအစီအစဉ်မှတဆင့် ထောက်ပံ့သွားမယ်လို့ ပြောဆိုပါတယ်။ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ဖို့ကြိုးစားနေတာ ၂ နှစ်နီးပါးကြာလာချိန်မှာ ကိဗ်အပေါ် အချို့နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေ ကျင်ဆင်းလာခြင်းအတွက် စိုးရိမ်မှုတွေဖြစ်နေခဲ့ပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ထိပ်တန်းသံတမန်တစ်ဦးအဖြစ် ရောက်ရှိလာတဲ့ သူမရဲ့ ခရီးစဉ်အတွင်း ကာမီကာဝါဟာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာနဲ့ ကိဗ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒရုန်းဖျက်စနစ်နဲ့ အခြားကိရိယာတွေ ထောက်ပံ့ပေးဖို့အတွက် နေတိုးအဖွဲ့ ရန်ပုံငွေသို့ ဒေါ်လာ ၃၇ သန်း ထည့်ဝင်ပံ့ပိုးပေးသွားမယ်လို့ ဗုံးဒဏ်ခံအဆောက်အုံတစ်ခုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သူမက ကတိပြုခဲ့ပါတယ်။ 

ဒါ့အပြင် ပြင်းထန်တဲ့ ဆောင်းရာသီကာလကို ယူကရိန်းပြည်သူတွေ ကြံ့ကြံ့ခံနိုင်ရေးအတွက် မိုဘိုင်းလ်ဂက်စ်တာဘိုင် ဓါတ်အားပေးစက် ၅ လုံးကိုလည်း ဂျပန်အစိုးရက ကူညီပေးသွားမှာဖြစ်တယ်လို့ သူမက ဆိုခဲ့ပြီး ငြိမ်းချမ်းမှုပြန်လည်ရရှိရေး ယူကရိန်းကို ဆက်လက်ကူညီရာမှာ သူမနိုင်ငံရဲ့ မယိမ်းယိုင်တဲ့ သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ပါတယ်။ 

စစ်ဒဏ်ခံ ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးပွဲတွေအတွက် ရည်ရွယ်တဲ့ နှစ်နိုင်ငံ ကွန်ဖရင့်တစ်ခုကို တိုကျိုမြို့မှာ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

၂၀၂၃ နှစ်ကုန်ရက်တွေနဲ့ ၂၀၂၄ ပထမသီတင်းပတ်တွေမှာ ရုရှားဟာ ဒုံးကျည်နဲ့ ကာမီကာဇီ တစ်လမ်းသုံးဒရုန်းတွေ ရာချီပစ်လွှတ်ကာ ယူကရိန်းကို တိုက်ခိုက်ခဲ့ပါတယ်။ ယင်း တိုက်ခိုက်မှုတွေဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပမာဏအကြီးဆုံးတိုက်ခိုက်မှုတွေဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။ 

Ref: Japan Times,Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here