အိန္ဒိယနိုင်ငံမှ ယခုနှစ်အတွင်း မြန်မာ့ မတ်ပဲ တန်ချိန် ၁သန်းနှင့် ပဲစင်းငုံ တန်ချိန် ၄သိန်း ဝယ်ယူရန်စီစဥ်​နေ

0
186

အိန္ဒိယနိုင်ငံအနေဖြင့် ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် မတ်ပဲနှင့် ပဲစင်းငုံတို့ကို ပိုမိုဝယ်ယူ သွားရန်ရှိနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ (၁) ရက်မှ ဒီဇင်ဘာလ (၈) ရက်အထိ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် (၅) သိန်းကျော်နှင့် ပဲစဉ်းငုံတန်ချိန် (၁)သိန်းအပါအဝင် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၀၈ သန်းတင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်  အိန္ဒိယနိုင်ငံနှင့် MOU ရေးထိုးပြီးနောက်ပိုင်း နှစ်စဉ်တန်ချိန် တစ်သိန်းနှင့် နှစ်သိန်းခွဲကြားတင်ပို့လျက်ရှိပြီး ယခုနှစ်တွင် မတ်ပဲတန်ချိန် တစ်သန်းနှင့် ပဲစဉ်းငုံတန်ချိန် ၄ သိန်းဝယ်ယူရန် အိန္ဒိယဘက်မှ စီစဉ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃) ရာခိုင်နှုန်းစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀)ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂) ရာခိုင်နှုန်းသည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here