(၂) ရက်အတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ (၈)ခု ဖမ်းဆီးရမိရခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း(၂၀၀၀) နီးပါးရှိ

0
227

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး လုပ်ဆောင်လျက်ရှိရာ (၂) ရက်အတွင်း တရားမဝင် ကုန်သွယ်မှု အမှုတွဲ (၈) မှု ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း (၂၀၀၀) နီးပါးရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့ရှောင်လမ်းအနီး၌ ဇန်နဝါရီ (၅) ရက်က တရားမဝင် အခြားသစ် (၃) ဒသမ (၅၉၆) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၈၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ (၆) ရက်က ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌  မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် 100% Polyester Woven Fabric အထုပ် (၈၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၉၅ ၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ အရေးယူခဲ့သည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၃) ဒသမ (၂၉၇) တန်၊ သစ်မာ (၃) ဒသမ (၈၈၂) တန်နှင့် အခြားသစ် (၄) ဒသမ (၂၅၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၄၈၂၇၆)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၃၅၆၉၈၂၇၆) ကို သစ်တောဥပ ဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ဇန်နဝါရီ (၆) ရက်က မိုင်းလားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးနှင့် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော  မော်‌တော်ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ခေါင်းစွပ်ဦးထုပ် (၁၃၅၀)၊ ထိုင်းနိုင်ငံထုတ် ဆပ်ပြာခဲဘူး (၄၁၄၄၀) အပါအဝင် ကုန်ပစ္စည်း (၇)မျိူး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၀၉၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Cheng Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် (၁၅၄၀၉၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဇန်နဝါရီ (၅) ရက်နှင့် (၆) ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၉ ၁၄၁၃၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here