စစ်ပွဲ ကျယ်ပြန့်မလာစေဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းနေ 

0
112

တစ်ဦးတည်းသော ရန်သူကို တိုက်နေရခြင်းမဟုတ်ဟု အစ္စရေး ပြော 

ခိုင်မာတဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေ မရှိဘူးဆိုရင် ဂါဇာစစ်ပွဲဟာ ဒေသတွင်းကို ပြန့်နှံ့လာနိုင်ကြောင်း သတိပေးခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်ဟာ တနင်္လာနေ့မှာ ယူအေအီး၊ ဆော်ဒီအာရေဗျနိုင်ငံတွေမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေသလို ယင်းနောက်မှာ အစ္စရေးနိုင်ငံကို ဆက်လက်ခရီးဆန့်မယ်လို့ သိရပါတယ်။ 

ဒေသတွင်းကို စစ်ပွဲကျယ်ပြန့်မလာစေဖို့ သံတမန်ရေး ကြိုးပမ်းမှုအဖြစ် ဘလစ်ကင်ဟာ အရှေ့အလယ်ပိုင်းဒေသ ၅ ရက်ကြာ ခရီးစဉ်ကို တနင်္ဂနွေနေ့မှာ ဂျော်ဒန်နဲ့ ကာတာနိုင်ငံတွေကို သွားရောက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အနောက်ဘက်ကမ်းနဲ့ အီဂျစ်နိုင်ငံကိုလည်း ယခုသီတင်းပတ်မှာ သွားရောက်ဖို့ ရှိနေခဲ့ပါတယ်။ 

“ဒီအချိန်ဟာ ဒေသတွင်း တင်းမာမှုတွေမြင့်တက်နေတဲ့ကာလပါ၊ ဒီပဋိပက္ခဟာ အလွယ်တကူ ပြန့်နှံ့သွားနိုင်ပြီး မလုံခြုံမှုတွေနဲ့ ဒုက္ခသုက္ခတွေ ပိုဖြစ်လာစေမှာပါ” လို့ အဘူဒါဘီသို့ မထွက်ခွာမီ ဒိုဟာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလစ်ကင်က ပြောဆိုပါတယ်။ 

ဂါဇာထိုးစစ် ပြင်းထန်လာမှုဟာ ယင်းနယ်မြေကို စိုးမိုးတဲ့ ဟားမတ်စ် စစ်သွေးကြွအုပ်စုကို ချေမှုန်းရေး၊ လက်ဘနွန် ဟစ်ဇ်ဘိုလာ အပါအဝင် အခြားအလားအလာရှိ အီရန်ကျောထောက်နောက်ခံပြု ရန်သူတွေကို ဟန့်တားရေး မိမိနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အချက်ပြတာဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောဆိုခဲ့ပါတယ်။ 

“ကျွန်တော့်ရဲ့ အခြေခံအမြင်အရဆိုရင် ကျွန်တော်တို့ဟာ တစ်ဦးတည်းသော ရန်သူကို တိုက်ခိုက်နေရတာတခုထဲမဟုတ်ဘဲ ရန်သူ့မဟာမိတ်နဲ့ပါတိုက်ခိုက်နေရတာဖြစ်ပါတယ်” လို့ Gallant က ဝေါစထရိဂျာနယ်ကို ပြောဆိုခဲ့ပြီး အီရန်ဟာ အစ္စရေးဝန်းကျင်မှာ စစ်ရေးတည်ဆောက်ကာ ဒါကို အသုံးချဖို့ ကြိုးစားနေတယ်လို့ ဆိုခဲ့ပါတယ်။ 

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ လက်ဘနွန်နယ်စပ်ကို ဖြတ်ပြီး မကြာခဏဆိုသလို အပြန်အလှန်ပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို အီရန်မဟာမိတ် ဟူသီအဖွဲ့ကလည်း ဂါဇာရှိ ပါလက်စတိုင်းတွေအပေါ်  အစ္စရေးက ဗုံးကြဲတိုက်ခိုက်တာတွေ မရပ်မချင်း ပင်လယ်နီရေပြင်မှာ ကုန်သင်္ဘောတွေကို ဆက်တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ထားတဲ့အနေအထား တွေ့မြင်နေရတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here