အာဆီယံ အထူးကိုယ်စားလှယ် ယခုရက်ပိုင်းအတွင်း မြန်မာပြည်သို့လာကာ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံမည်

0
198

မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်သစ်ဖြစ်သည့် Mr.Alounkeo Kittikhoun သည် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံရန် အစီအစဉ်ရှိနေကြောင်း သိရသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်သည့် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr.Alounkeo Kittikhoun ကို ပြီးခဲ့သည့် ဇန်နဝါရီ (၁) ရက်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် နစက ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိနေသလို အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပါတီမှတ်ပုံတင်ကျပြီးသား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်သီးခြားဆီတွေ့ ဆုံရန် ရှိနေခြင်းလည်း ဖြစ်သည်။

” ဟုတ်တယ် တွေ့ဖို့ရှိပါတယ်။ သူကဖိတ်တာကို NSPNC က တဆင့်ဖိတ်ပေးတာ။ သဘက်ခါမှာတွေ့မှာပါ။ အနေအထားတွေကတော့ ဘာမှမသိသေးဘူးပေါ့နော်” ဟု တွေ့ဆုံပွဲတက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အတည်ပြုပြောကြားသည်။

လာမည့် ဇန်နဝါရီ (၁၀) ရက်တွင် နေပြည်တော်၌ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် NSPNC က အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် NCA-S-EAOs (၇)ဖွဲ့ကို ဖိတ်ထားပြီး အဆိုပါ (၇) ထဲမှ PNLO၊ DKBA၊ KNU/KNLA-PC၊ LDU နှင့် ALP တို့ ဆွေးနွေးပွဲ တက်ရောက်ရန် ရှိနေကြောင်း သိရသည်။

ထို့အပြင် လာမည့် ဇန်နဝါရီ (၁၂) ရက်၌ ပါတီမှတ်ပုံတင်ကျထားပြီးသား နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ ပြည်လမ်းမရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံရန် ရှိနေကြောင်း သိရသည်။

Mr. Alounkeo Kittikhoun သည် လာအိုနိုင်ငံ၏ ကုလသမဂ္ဂ ဆိုင်ရာသံအမတ်ကြီး တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တာဝန်ပေးပြီး ရက်ပိုင်းအတွင်း ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here