ဂျပန်ငလျင် သေဆုံးဦးရေ ၁၆၁ ဦးသို့ ခုန်တက်

0
152

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဇန်နဝါရီ ၈ ရက် တနင်္လာနေ့မှာ သေဆုံးသူဦးရေ ၁၆၁ ဦးအထိ ခုန်တက်သွားကြောင်း သိရပြီး ဆီးနှင်းကျဆင်းမှုတွေက ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအပေါ် အနှောင့်အယှက်ဖြစ်နေစေတယ်လို့ ဆိုပါတယ်။ လူဦးရေ ၂၀၀၀ ကျော်လောက် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သလို လျှပ်စစ်ဓါတ်အား မရရှိခြင်း၊လူပြွတ်သိပ်နေတဲ့ ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရခြင်းများစွာ ရှိနေသေးတယ်လို့ သိရပါတယ်။

နိုင်ငံအလယ်ပိုင်း အီရှီကာဝါစီရင်စုနယ်မြေမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျခြင်း၊ မီးလောင်မှုတွေ ပေါ်ပေါက်ခဲ့ခြင်းနဲ့ တစ်မီတာကျော်မြင့်တဲ့ ဆူနာမီလှိုင်းတွေဖြစ်ပေါ်ခဲ့ပြီး ယခုထက်တိုင် ပျောက်ဆုံးနေသူ ၁၀၃ ဦးရှိနေသေးတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

ငလျင်ဒဏ် အပြင်းဆုံးခံခဲ့ရတဲ့ နိုတိုကျွန်းဆွယ်က လမ်းတွေမှာ မြေပြိုမှု အကြိမ် ၁၀၀၀ လောက်ဖြစ်ပွားခဲ့ပြီး ငလျင်အပျက်အဆီးတွေကြောင့် သီတင်းတစ်ပတ်နီးပါးအကြာ တနင်္ဂနွေနေ့ကအထိ လူပေါင်း ၂၀၀၀ ကျော် အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်က ဒေသတွင်းမှာ ဆီးနှင်းထူထပ်စွာကျဆင်းခဲ့ပြီး အချို့ဧရိယာတွေမှာ လေးလက်မလောက်ထုအထိ ဆီးနှင်းကျဆင်းမှုတွေဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအပေါ် ဆက်လက် အဟန့်အတားဖြစ်စေခဲ့ပါတယ်။

ထူးခြားဖြစ်ရပ်အဖြစ် ဆူဇူမြို့မှာ ပြိုကျသွားတဲ့ နေအိမ်အပြိုအပျက်တွေအောက် ပိတ်မိနေခဲ့တဲ့ အသက် ၉၀ အရွယ် အမျိုးသမီးကြီးတစ်ဦးကို ၅ ရက်အကြာ စနေနေ့မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

မိုးရွာသွန်းမှုတွေကြောင့် မြေပြိုမှုတွေ ထပ်ဖြစ်နိုင်တဲ့ အန္တရာယ်တိုးမြင့်လာသလို ဆီးနှင်းကျဆင်းမှုတွေကြောင့်လည်း ဆီးနှင်းထုဝိတ်ဒဏ်ပါခံလာရတဲ့ အဆောက်အအုံတွေဟာ ပြိုကျနိုင်ခြေ ပိုမြင့်လာတယ်လို့ ဒေသဆိုင်ရာ အစိုးရက သတိပေးခဲ့ပါတယ်။

Source: thaipbsworld


LEAVE A REPLY

Please enter your comment!
Please enter your name here