အလဲထိုးအနိုင်ရကြေး သီးသန့်ချီးမြှင့်သွားမည့် ထိုင်း-မြန်မာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်မည်

0
530

ထိုင်း-မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ယခုလ ဇန်နဝါရီ (၁၄)ရက်နေ့တွင် ရန်ကုန်မြို့သိမ်ဖြူအားကစားရုံကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ အလဲထိုးအနိုင်ရကြေး သီးသန့်ချီးမြှင့်သွားမည်ဟု ရိုးရာလက်ဝှေ့ကစားသမား ထွန်းထွန်းမင်းက ဆိုသည်။

အဆိုပါ ပွဲသည် မြန်မာ့ဂုဏ် ၊ မြန်မာ့ရိုးရာလက်ဝှေ့အစွမ်းနှင့်တကွ မြန်မာ့သတ္တိကိုပြသမည့်ပွဲ‌ဖြစ်သဖြင့် အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို လာရောက်အားပေးကြရန် ပရိသတ်ကြီးအား ဖိတ်ခေါ်ကြောင်း ထွန်းထွန်းမင်းက သူ၏လူမှုကွန်ယက် စာမျက်နှာတွင် နှိုးဆော်ထားသည်။

ခေါင်တွဲဆိုင်းအနေဖြင့် ထွန်းမင်းအောင် (မြန်မာ)နှင့် စူရာဖန်(ထိုင်း)တို့ ထိုးသ-တ်ကြမည်ဖြစ်ကာ၊ ဒု-ခေါင်တွဲဆိုင်းအနေ ဖြင့် သန့်စင်(ရှောင်လေး)နှင့် အာနွန် (ထိုင်း)တို့ ထိုးသ-တ်ကြမည်ဖြစ်ပြီး အခြားမျိုးဆက်သစ်တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဆိုသည်။

ယင်းပြိုင်ပွဲ၌ ပြည်ပဖိုက်တာများအား ခေါ်ယူယှဉ်ရာတွင် မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာများ၏ ဂုဏ်အဆင့်နှင့်လျော်ညီစွာ အဆင့်တူ ၊ အတန်းတူ ၊ ၀ိတ်တန်းတူ နာမည်ရဖိုက်တာများကိုသာ စီစစ်ခေါ်ယူလျှက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲ၏ ရည်ရွှယ်ချက်သည် မြန်မာပြည်၏ ရိုးရာလက်ဝှေ့ခါးဆက်မပြတ်ရန် မျိုးဆက်သစ် ရိုးရာလက်ဝှေ့လူငယ်များ ၊ ရွက်ပုန်းသီးများအား ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦးဖြစ်သည့်တိုင် မွေးထုတ်ပေးရန် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထွန်းထွန်းမင်းက ” မြန်မာ့ရိုးရာလက်ဝှေ့လောကတိုးတက်ရေး /မျိုးဆက်သစ်လူငယ်လေးများအား မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်ချက်တူ ၊ စိတ်ထားတူသော မည်သည့်အဖွဲ့အစည်းနှင့်မဆို ခင်မင်ရင်းနှီးစွာ လက်တွဲဆောင်ရွက်သွားရန်လည်း အသင့်ရှိနေပါတယ်”ဟု ဆိုသည်။

ပြိုင်ပွဲအား Great Cairo Club မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့က စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here