ဂါဇာထိုးစစ်မှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ ဘိုင်ဒန်နဲ့ ဆော်ဒီက အစ္စရေးကို တောင်းဆို 

0
98

ဂါဇာကမ်းမြောင် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဟားမတ်စ်စစ်သွေးကြွတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အစ္စရေးတပ်ဖွဲ့တွေက ပြောဆိုခဲ့ချိန်မှာပဲ ဂါဇာထိုးစစ်ကို အရှိန်လျှော့ဖို့ ၎င်းရဲ့ ခိုင်မာတဲ့ မဟာမိတ် အမေရိကန်နဲ့ အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံတွေက ဇန်နဝါရီ ၈ ရက်မှာ အစ္စရေးအပေါ် တိုးမြှင့်ဖိအားပေးလာခဲ့ပါတယ်။ 

အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှုတွေအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်ဟာ သူ့ရဲ့ ဒေသတွင်းခရီးစဉ် နောက်ဆုံး ဦးတည်ရပ်ဖြစ်တဲ့ တနင်္လာနေ့မှာ တဲလ်အဗစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ စစ်ပွဲ လေးလတာကာလသို့ ဝင်ရောက်လာပြီး ကျယ်ပြန်တဲ့ အုံကြွမှုကြီးသို့ ကူးပြောင်းသွားမယ့်အရေးမှ ဟန့်တားနိုင်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

ပါလက်စတိုင်း ၂၃၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့အပြီးမှာ နောက်ထပ်ပစ်မှတ်တွေကို ရည်ရွယ်သော တိုက်ပွဲရဲ့ အဆင့်သစ်တစ်ခုကို ရောက်ရှိနေပြီလို့ အစ္စရေး အရာရှိတွေက ပြောဆိုပါတယ်။ ဂါဇာတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ကိုင်တွယ်စီမံနေရပြီး ၂၀၂၄ ခုနှစ်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂရီက ပြောဆိုပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တနင်္လာနေ့က ဆော်ဒီအိုအေစစ်မြို့ အယ်အူလာမှာ အိမ်ရှေ့စံ မိုဟာမက် ဘင်ဆော်လ်မန်နဲ့ ဂါဇာပဋိပက္ခအရေး တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ ဂါဇာဒေသမှာ ရန်လိုမှုတွေ ရပ်စဲကာ ငြိမ်းချမ်းရေးလမ်းကြောင်း ဖော်ဆောင်ဖို့ အရေးကြီးကြောင်း ဆော်ဒီအိမ်ရှေ့စံက ပြောဆိုခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင် သတင်းဌာန SPA က သတင်းထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ တောင်ကယ်ရိုးလိုင်းနားပြည်နယ် Charleston မြို့ ခရစ်ယာန်ဘုရားကျောင်းကို ရောက်ရှိလာစဉ် ချက်ချင်း အပစ်ရပ်စဲရေး ကြွေးကြော်တောင်းဆိုကြတဲ့ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တိုးခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ခိုက်မှုတွေ လျှော့ချဖို့နဲ့ ဂါဇာအကျပ်အတည်းကနေ ထိထိရောက်ရောက်ရုန်းထွက်ဖို့အတွက် အစ္စရေးအစိုးရနဲ့ သူ တိတ်တဆိတ် လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဘိုင်ဒင်ဟာ အစ္စရေးအပေါ် ထက်ထက်သန်သန် ထောက်ခံသူတစ်ဦးဖြစ်တယ် ဆိုပေမယ့် အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အဆင်ခြင်မဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့သူဖြစ်ပါတယ်။ 

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here