ရခိုင်သို့ရောက်လာမည့်စားသောက် ကုန်နှင့် လူသုံးကုန်များကိုဈေးကစား ခြင်းမပြနိုင်​အောင် လုပ်ဆောင်ရန်ပြည်နယ် ဝန်ကြီးချုပ်ပြော

0
165

ရခိုင်ပြည်နယ်သို့ MV Moon Light သင်္ဘောဖြင့် မကြာမီရောက်ရှိလာမည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တစ်ဆင့်ခံ အမြတ်တင်ရောင်းချမည့်သူများ၊ ကုန်ပစ္စည်းများ သိုလှောင်၍ ဈေးကစားမည့်သူများ လက်ထဲသို့ မရောက်ရှိအောင် အဓိကထား ဆောင်ရွက်ရမည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားလိုက်သည်။ 

အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျဖြန့်ဝေရောင်းချနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ (၈)ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူများ စားဝတ်နေရေး ပြေလည်မှု ရှိစေရေးနှင့် သက်သာသော ဈေးနှုန်းဖြင့် ကုန်ပစ္စည်းများ ဝယ်ယူခွင့်ရနိုင်အောင် ကုန်ပစ္စည်းများကို ရေလမ်းကြောင်းမှ သယ်ယူခွင့်ရရှိနိုင်ရေး ကြိုးပမ်းပေးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။  

ထို့အပြင် မလိုလားအပ်သော နေရာများနှင့် အမှန်တကယ် မလိုအပ်သောသူများ လက်ထဲမရောက်ရှိအောင် တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ်ပေးရန် စားအုန်းဆီများကို သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း တာဝန်ယူရသည့် အသင်းအဖွဲ့၊ လုပ်ငန်းရှင်များမှ စနစ်တကျရောင်းချပေးရမည်ဖြစ်ပြီး စက်သုံးဆီများကိုလည်း ကာလအတိုင်းအတာတစ်ခုအထိ သုံးစွဲနိုင်ရေး ကြိုတင်ညှိနှိုင်းထားသည့် နည်းလမ်းများအတိုင်း စနစ်တကျ ရောင်းချရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။  

ယခုရောက်ရှိမည့် သင်္ဘောအပြင် ရန်ကုန်မှ သင်္ဘောများ ထပ်မံလာရောက်နိုင်ရေး စီမံထားရှိပြီး ဖြစ်သည့်အတွက် ကုန်ပစ္စည်းများ ပြတ်လပ်မှု မဖြစ်နိုင်ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဆီစက်နှင့် ဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် စစ်တွေမြို့မဈေးကော်မတီများ တက်ရောက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here