ပါကစ္စတန်မှာပိုလီယို ကာကွယ်ဆေး တိုက်ခြင်းကို လုံခြုံရေး​ပေးသည့် အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး 

0
127

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်လုပ်သားတွေကို လုံခြုံရေးယူပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားကာ လမ်းဘေးဗုံးထောင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ တပ်ဖွဲ့ဝင်တစ်ဦး အင်္ဂါနေ့(ဇန်နဝါရီ ၉) က ဆေးရုံမှာ ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ ၇ ဦးရှိလာခဲ့တယ်လို့ သိရပါတယ်။ 

အာဖဂန်နိုင်ငံနဲ့နယ်စပ် ခိုင်ဘာပက်ရှ်တန်ခွာပြည်နယ်ရှိ ပါကစ္စတန်တာလီဘန်တို့ရဲ့ အခိုင်မာနယ်မြေဟောင်း မာမန့်ခရိုင်မှာ တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ် တပ်ဖွဲ့ဝင် သုံးဦးခန့်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ 

ဒီဗုံးခွဲတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ကမ္ဘာမှာ ပိုလီယိုရောဂါဖြစ်ပွားမှု ဆက်ရှိနေသေးတာဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံသာ ရှိတော့တယ်လို့ သိရပါတယ်။ 

ပါကစ္စတန်အစိုးရက ၎င်းရဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် နောက်တစ်ကျော့ စတင်ခဲ့ချိန်မှာ ယင်း ဗုံးခွဲတိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး အစီအစဉ်တွေဟာ ကလေးတွေကို အမြုံဖြစ်သွားစေဖို့ အနောက်တိုင်းရဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တယ်လို့ အစ္စလာမ်မစ် စစ်သွေးကြွတွေက မှားယွင်းစွပ်စွဲကာ ပိုလီယိုကာကွယ်ဆေးတိုက်အဖွဲ့တွေနဲ့ လုံခြုံရေးယူပေးတဲ့ရဲတပ်ဖွဲ့ဝင်တွေအပေါ် မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ 

မာမန့်ခရိုင်မှာဖြစ်ပွားခဲ့တဲ့ ယင်းဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒုတိယနေ့ (အင်္ဂါနေ့) ကာကွယ်ဆေးတိုက် အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ရကြောင်း သိရပါတယ်။

 Ref: ဝါရှင်တန်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here