ကလေးလုပ်သားပပျောက်ရေး ဒုတိယ ငါးနှစ်စီမံချက်အတွက် အသေးစိတ်လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြနိုင်ရန် တိုက်တွန်း

0
123

မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေး ဒုတိယငါးနှစ်စီမံချက်အတွက် အသေးစိတ်လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် ပထမငါးနှစ်စီမံချက်မှာ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဒုတိယ ငါးနှစ်စီမံချက် ၂၀၂၄- ၂၀၂၈ ခုနှစ် ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစီမံချက်များကို အတွင်းရေးမှူးနှင့်ညှိနှိုင်းပြီး သင့်တော်မည့်ရက်တွင် တင်ပြကြစေလိုကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။

လာမည့်ငါးနှစ်စီမံချက်အတွက် သက်ဆိုင်ရာ ကော်မတီဝင်ဌာန အဖွဲ့အစည်းများက အသေးစိတ်လုပ်ငန်း စီမံချက်များကိုရေးဆွဲပြီး အမျိုးသားကော်မတီထံ ဇန်နဝါရီလအတွင်း တင်ပြနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကြစေလိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီရှစ်ရပ်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီများက အမျိုးသားအဆင့် ပထမငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃ခုနှစ်) လုပ်ငန်းဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာကို အမျိုးသားကော်မတီထံ တင်ပြသွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှင့် ကပ်ဘေးကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့်ကလေးငယ် တစ်သန်းကျော် ရှိနေပြီး ကလေးအလုပ်သမား ပပျောက်ရေး အရေးတကြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here