နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်ကျဆင်းကာ သွင်းကုန်မြင့်တက်လာ

0
171

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးတွင် ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုကျဆင်းနေပြီး သွင်းကုန်တင်သွင်းမှုမြင့်တက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထု တ်ပြန်ထားသည့် အချက် အလက်များအရ သိရသည်။

မြန်မာနှင့်အဓိက ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ဖက်နိုင်ငံများသည် တရုတ် ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ပြီး ယခုဘဏ္ဍာနှစ်၏ (၉)လတာ ကာလအတွင်း အဆိုပါနိုင်ငံများနှင့် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၈ ဘီလီယံကျော်ရရှိထားပြီး ယခင်နှစ် အလားတူကာလတွင် ၆ ဒသမ ၁၅ ဘီလီယံကျော်ရရှိထားကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နယ်စပ်မှ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၄ ဒသမ ၁၁ ဘီလီယံကျော်နှင့် သွင်းကုန်တင်သွင်းမှု ကန်ဒေါ်လာ ၂ ဒသမ ၀၇ ဘီလီယံကျော် ဆောင်ရွက်ထားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်မှ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၄ ဒသမ ၅၁ ဘီလီယံကျော်နှင့် သွင်းကုန်တင်သွင်းမှု ကန်ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံကျော် ဆောင်ရွက်ခဲ့သည့်အတွက် ကာလတူနှစ်ခုနှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၄၀၁ ‌ဒသမ ၇၆၄ သန်းကျဆင်းနေပြီး သွင်းကုန်တင်သွင်းမှုသည် ကန်ဒေါ်လာ ၄၃၃ ဒသမ ၈၃၅ သန်းတိုးလာကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရှိသည့် နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ကျဆင်းနေပြီး လက်ရှိတွင် ကုန်သည်များအနေဖြင့် နယ်စပ်‌ဂိတ်ပေါက်ပြောင်းလဲတင်ပို့ခြင်းနှင့် ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်ပို့မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here