အင်ဒိုရဲ့ သံတမန်ရေးမှာ မြန်မာ့အရေးက အဓိကကျနေဦးမှာဖြစ်__အင်ဒိုနိုင်ငံခြားရေးဝန်ကြီး  

0
122

ပြီးခဲ့တဲ့နှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန် ပြီးဆုံးသွားသည့်တိုင် ၎င်းတို့ရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေမှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုနဲ့ နိုင်ငံရေးအကျပ်အတည်းများဆိုင်ရာ ကိစ္စရပ်တွေအပေါ် ဆက်လက်ပြီး အထူးအာရုံစိုက်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားက အခိုင်အမာ​ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက တနင်္လာနေ့မှာ အနောက်ဂျာဗားဒေသ ဘန်ဒေါင်းမှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် နိုင်ငံခြားရေးဝန်ကြီးရဲ့ နှစ်ပတ်လည် သတင်းထုတ်ပြန်ချက်ကို ပြောကြားစဉ် ယင်းသို့ ကြေညာသွားတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကိုအကျပ် အတည်း ကနေ လွတ်မြောက်ရေး အကူအညီပေးမယ့် အင်ဒိုနီးရှားရဲ့ ကတိကဝတ်ဟာ ဥက္ကဋ္ဌတာဝန်ဘောင်ကနေ ကျော်လွန်ပါတယ်လို့ မာဆူဒီက အလေးပေး ပြောဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် က တပ်မတော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြား နိုင်ငံရေးအငြင်းပွားမှု စတင်ပေါ်ပေါက်လာစဉ်ကတည်းက အင်ဒိုနီးရှားဟာ အကျပ်အတည်းမှ လွတ်မြောက်စေရေး ကတိကဝတ်တွေကို ဖော်ဆောင်ရာမှာ တသမတ်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီးက ပြောဆိုပါတယ်။ 

အာဆီယံ သဘောတူညီချက် ၅ ရပ် အကောင်အထည်ပေါ်ရေးဟာ မြန်မာပဋိပက္ခ အဆုံးသတ်စေရာမှာ ထားရှိရမယ့် အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်ရှိတည်ရှိနေမှာဖြစ်တယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။

၂၀၂၃ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့မှုကာလအတွင်း အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့  သက်ဆိုင်သူ အများအပြားနဲ့ ထိတွေ့မှုပေါင်း ၂၆၅ ကြိမ်အထိ ပြုလုပ်ခဲ့တယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။ 

ယင်းနောက် သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး တိုးတက်မှုတွေကို တွန်းအားပေးဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ ၎င်းရဲ့ သံတမန်ရေးလမ်းကြောင်းတွေကို ဆက်လက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း မာဆူဒီက ပြောဆိုခဲ့ပါတယ်။ 

Ref: အင်န်တာရာ


LEAVE A REPLY

Please enter your comment!
Please enter your name here