ဗြိတိန်အပါအဝင် ဥရောပ (၄) နိုင်ငံရှိ မြန်မာလုပ်သားများ ဝင်ငွေခွန်ဆောင်ရမည်

0
234

အခွန်နှစ်ထပ် ကျသင့်မှုမရှိစေရေး အတွက်အခွန်ဆောင်အထောက်အထား (P60) ပြသနိုင်ပါက ဝင်ငွေခွန်ထပ်မံပေးဆောင်ရန် မလို

ဗြိတိန်အပါအဝင် ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန် နိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီလ (၁၀) ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

ပြည်ပတွင် ရောက်ရှိနေထိုင်ကြသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် စုစုပေါင်းလစာဝင်ငွေအပေါ်  ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁) ရက်မှစတင်ကာ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ဝင်ငွေခွန်ထမ်းဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၂ ရက် ရက်စွဲတွင်အမိန့် ကြော်ငြာစာအမှတ်၊ ၇၉/၂၀၂၃ ဖြင့် ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။

အဆိုပါ အမိန့်ညွှန်ကြားချက်များအရ ဗြိတိန်နိုင်ငံသို့ ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ တို့အကြားတွင် အခွန်နှစ်ထပ် ကျသင့်မှုမရှိစေရေး သဘောတူစာချုပ် (Double Taxation Agreement) အရ ဗြိတိန်နိုင်ငံတွင် ဝင်ငွေခွန်ဆောင်ထားကြောင်းအထောက်အထား (P60) ပြသနိုင်ပါက ဝင် ယငွေခွန်ထပ်မံပေးဆောင်ရန် မလိုအပ်ကြောင်း ဇန်နဝါရီ (၁၀) ရက်က ထုတ်ပြန်သည့် မြန်မာသံရုံး၏ ထုတိပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ ဝင်ငွေခွန်ပေးဆောင်ထားသည့် အထောက်အထားပြနိုင်ခြင်းမရှိပါကလည်းကောင်း၊ ဝင်ငွေခွန် ထမ်းဆောင်ရမည့် လစာဝင်ငွေအောက် လျော့နည်းရရှိပါကလည်းကောင်း ရရှိသည့် လစာ၏ (၂) ရာခိုင်နှုန်းအား လစဉ်ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

အလားတူ ဆွီဒင်၊ ဒိန်းမတ် နှင့် အိုင်ယာလန် နိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၃ ရက် အမိန့်ကြော်ငြာစာအမှတ် ၁၆၅/၂၀၂၃ အရ အလုပ်အကိုင်အမျိုးအစားအလိုက် ပူးတွဲပါနှုန်းထားများ၏ (၂) ရာခိုင်နှုန်းအား ဝင်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဖြစ်သည်။

ယင်းအပြင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ပျက်ဆီး/ပျောက်ဆုံး နိုင်ငံကူးလက်မှတ်အား အသစ်လျှောက်ထားခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I) လျှောက်ထားခြင်းစသည့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဝင်ငွေခွန်ကင်းရှင်းကြောင်း အထောက်အထားပြသနိုင်မှသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

မြန်မာသံရုံးအနေဖြင့် အခွန်ထမ်းဆောင်သူများအား QR Code အမှတ်အသားပါ “အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်” ထုတ်ပေးသွားမည်ဖြစ်ပြီး ဝင်ငွေခွန်ထမ်းဆောင်ရာတွင် သတ်မှတ်နှုန်းအတိုင်း (၃)လ တစ်ကြိမ်၊ (၆)လ တစ်ကြိမ် စသည်ဖြင့် မိမိထမ်းဆောင်လိုသည့် ကာလအပိုင်းအခြားအလိုက် ထမ်းဆောင်နိုင်ပြီး သာမန်မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်လျှောက်ထားသူများအနေဖြင့် မူလလျှောက်ထားစဉ်တွင် အခွန်တစ်ပါတည်းပေးဆောင်ရန် မလိုအပ်ကြောင်းနှင့် သက်တမ်းတိုးရန် ခွင့်ပြုချက် ရရှိသည့် အချိန်တွင် ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် အိုင်ယာလန် နိုင်ငံများတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့် အစီအစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here