ပြည်မြို့ စစ်ကဲလမ်းမပေါ် အ.ထ.က (၁) ကျောင်းရှေ့တွင် ဆိုင်ကယ် မတော်တဆ တိမ်းမှောက်ရာမှ (၂) ဦး ဒဏ်ရာရ

0
162

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ စစ်ကဲလမ်းမပေါ် အ.ထ.က (၁) ကျောင်းရှေ့တွင် ဆိုင်ကယ်တစ်စီး မတော်တဆ တိမ်းမှောက်ရာ (၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ပြည်မြို့၊ စစ်ကဲလမ်းမပေါ် အ.ထ.က (၁) ကျောင်းရှေ့တွင် ဇန်နဝါရီ (၁၀) ရက်၊ ည (၉) နာရီအချိန်ခန့်က ဆိုင်ကယ်တစ်စီး မတော်တဆတိမ်းမှောက်မှု ဖြစ်ပွားကာ သတိလစ်ဒဏ်ရာရ လူနာရှိသဖြင့် အရေးပေါ် လာရောက်ကူညီပေးပါရန် ဆက်သွယ်အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“သူက မောင်းလာရင်း မတော်တဆဖြစ်ပြီး မှောက်တာ။ လမ်းလျှောက်နေတဲ့ အဖွားရွယ်ပေါ့နော် တစ်ဦးကို နည်းနည်းချိတ်မိသွားတာ။ မောင်းတဲ့သူကတော့ အဲ့နေရာမှာတင် သတိလစ်သွားတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူက ဆိုသည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား (၁)ဦးမှာ နဖူးပေါက်ပြဲ၊ ပါးပေါက်ပြဲ၊ သွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး သတိလစ်သွား၍ လိုအပ်သည်များ ပြုစုကူညီပေးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ဖြင့် ချိတ်မိသည့် အမျိုးသမီးကြီး တစ်ဦးမှာ ခြေထောက်ပွန်းပဲ့၊ ကျောပွန်းပဲ့ ဒဏ်ရာများရရှိခဲ့သောကြောင့် ၎င်းတို့ နှစ်ဦးအား ဆေးရေးပရဟိတအသင်းမှ လူနာတင်ယာဉ်နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ ပူးပေါင်းကာ အရေးပေါ် ဆေးကုသမှုခံယူနိုင်ရန်အတွက် ပြည် ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here