ဂျာကာတာကို ကယ်တင်ဖို့ ဒေါ်လာ ၁၄ ဘီလီယံ ကုန်ကျမယ့် ပင်လယ်တံတိုင်းစီမံကိန်းကို အင်ဒိုနီးရှား ပြန်အသက်သွင်းလာ

0
186

မြို့တော် ဂျာကာတာမြန်မြန်နဲ့ ရေအောက်ရောက်သွားမယ့်ဘေးမှ ကယ်တင်ဖို့အတွက် နောက်ဆုံး အစီအမံတွေနဲ့အတူ ဧရာမ ပင်လယ်တံတိုင်းကြီး တည်ဆောက်မယ့် စီမံကိန်းကို အင်ဒိုနီးရှား အစိုးရက ပြန်လည်အသက်သွင်းလာကြောင်း သိရပါတယ်။

၂၀၄၀ ခုနှစ်အထိ တိုးချဲ့ထားတဲ့ ယင်း စီမံကိန်းဟာ တည်ဆောက်ရေးပိုင်းမှာ အဆင့်သုံးဆင့် ပါဝင်မှာဖြစ်ပြီး ပထမနှစ်ဆင့်အတွက် ဘဏ္ဍာငွေ ရူပီး ၁၆၄.၁ ထရီလီယံ (စင်ကာပူဒေါ်လာ ၁၄.၀၄ ဘီလီယံ) လိုအပ်မှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၀ ရက်က ဂျာကာတာမှာ ပြုလုပ်တဲ့ ပင်လယ်တံတိုင်း နောက်ဆုံး စီမံကိန်းဆိုင်ရာ အသိပေးထုတ်ပြန်ခြင်း အခမ်းအနားမှာ စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ပြောဆိုခဲ့ပါတယ်။ တတိယမြောက် တည်ဆောက်ရေးအဆင့်အတွက် ငွေကြေးဘယ်လောက်လိုအပ်သလဲဆိုတာကိုတော့ သူက ပြောဆိုသွားခြင်း မရှိပါဘူး။

တံတိုင်းတည်ဆောက်ရေး စိတ်ကူးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပစ်ပယ်ထားခံရပေမယ့် ဂျာကာတာမြို့ဟာ အလျင်အမြန် နစ်မြူပ်လာနေတဲ့ မီဂါစီးတီးတစ်ခုဖြစ်လာတာကြောင့် အဆိုပြုချက်ကို မကြာခင်ကမှ ပြန်လည်အသက်သွင်းလာခဲ့တာဖြစ်ပါတယ်။

နှစ်စဉ် ဒီရေမြင့်တက်မှုဟာ ၂၀၀ စင်တီမီတာခန့်ရှိနေချိန် မြို့တော်ဟာ တစ်နှစ်တစ်နှစ်ကို ၂၅ စင်တီမီတာလောက် နစ်မြုပ်လာနေတာက စီမံကိန်းအတွက် တွန်းအားဖြစ်စေခဲ့တယ်လို့ မစ္စတာ Hartarto က ပြောဆိုပါတယ်။

ဂျာဗားကျွန်းပေါ်ရှိ လူဦးရေ ၁၀ သန်းကျော်နေထိုင်ရာ ဂျာကာတာဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အကြား ၄ မီတာလောက်အထိ နိမ့်ဆင်းသွားခဲ့ပြီး ကြိုတင်စီမံမှုတွေမလုပ်ဘူးဆိုရင် မြို့တော်ရဲ့ သုံးပုံတစ်ပုံလောက်ဟာ ၂၀၅၀ ပြည့်နှစ်အရောက်မှာ နစ်မြုပ်သွားဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

ဂျာကာတာ ကမ်းရိုးတန်း ရေနစ်မြုပ်မှုကြောင့် တစ်နှစ်တစ်နှစ်ကို ရူပီး ၂.၁ ထရီလီယံခန့် ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားသလို နောက်ဆယ်စုနှစ်လောက်မှာ တစ်နှစ်တစ်နှစ်ကို ဆုံးရှုံးနိုင်ခြေ ရူပီး ၁၀ ထရီလီယံလောက်အထိ မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

နစ်မြုပ်နေမှု နှေးကွေးသွားစေဖို့နဲ့ ဂျာကာတာအပေါ် ဖိအားလျော့ကျစေဖို့ အင်ဒိုနီးရှားအစိုးရဟာ မြေအောက်ရေ ထုတ်ယူမှုကို ကန့်သတ်ခဲ့သလို ဘော်နီယို သစ်တောဧရိယာမှာ ကန်ဒေါ်လာ ၃၄ ဘီလီယံခန့်ကုန်ကျမယ့် Nusantara ခေါ် မြို့တော်သစ်တစ်ခု ဖန်တီးဖို့ တွန်းအားပေးခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ နောက်ခေါင်းဆောင်သစ် ရွေးချယ်တင်မြောက်သွားဖို့ရှိနေပြီး သမ္မတ ဂျိုကိုဝီဒိုဒိုကို ဆက်ခံမယ့် နောက်သမ္မတဟာ အကြီးစားအခြေခံအဆောက်အဦး စီမံကိန်းကို ဆက်လက်ဖော်ဆောင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here