အိန္ဒိယစစ်တပ်နဲ့ ပူးတွဲလေ့ကျင့်မှုတွေလုပ်ဖို့ လေယာဉ်တင်သင်္ဘောနဲ့ စစ်သင်္ဘောများ ဗြိတိန် စေလွှတ်မည်         

0
187

နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုအားကောင်စေဖို့အတွက် အိန္ဒိယစစ်တပ်နဲ့ ပူးတွဲလေ့ကျင့်မှုတွေ၊ စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ရာ ယခုနှစ်အနှောင်းပိုင်းမှာ အိန္ဒိယ သမုဒ္ဒရာသို့ စစ်သင်္ဘောတွေ စေလွှတ်သွားမှာဖြစ်သလို ၂၀၂၅ ခုနှစ်မှာ လေယာဉ်တင်သင်္ဘောတစ်စင်း စေလွှတ်မှာဖြစ်တယ်လို့ ဗြိတိန်က ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

တော်ဝင်ရေတပ်ရဲ့ Littoral Response Group ဟာ ယခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာဒေသကို အလည်အပတ်ခရီးသွားရောက်မှာဖြစ်ကာ ယင်းရဲ့ တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုကတော့ နောက်နှစ်မှာ သွားရောက်မှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က ပြောဆိုခဲ့ပါတယ်။

“ကမ္ဘာဟာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေတယ်ဆိုတာကို လုံး၀ သံသယဖြစ်စရာမရှိပါဘူး၊ ဒါကြောင့် အိန္ဒိယလို အဓိကမိတ်ဖက်နိုင်ငံတွေနဲ့ မဟာဗျူဟာ ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားဖို့ရာ အရေးကြီးပါတယ်” လို့ ဗြိတိန်ကို အလည်အပတ်ရောက်နေတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးနဲ့ ပြုလုပ်တဲ့ သတင်းထုတ်ပြန်ချက်မှာ Shapps က ပြောဆိုခဲ့ပါတယ်။

မိမိတို့ဟာ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ မျှဝေကာ လွတ်လပ်ပြီး သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဆက်လက်ထိန်းသိမ်းရေး မိမိတို့ရဲ့ ကတိကဝတ်အပေါ် အခိုင်အမာရပ်တည်တယ်လို့လည်း သူက ပြောဆိုပါတယ်။

ဗြိတိန်နဲ့ အိန္ဒိယတို့ဟာ ကုန်သွယ်လမ်းကြောင်းတွေကို ကာကွယ်ဖို့နဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးကို အာမခံချက်ပေးဖို့အတွက် လာမယ့်နှစ်တွေမှာ ပိုမိုခေတ်မီဆန်းပြားတဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

Ref: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here