Myanmar Mobile Money ဖြင့် ပင်စင်လစာ ထုတ်ယူမှု မြင့်တက်

0
355

Myanmar Mobile Money ကို အသုံးပြုပြီး ပင်စင်စားဝန်ထမ်းများမှ ပင်စင်ငွေ ထုတ်ယူမှုအရေအတွက် မြင့်တက်လာကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အငြိမ်းစား လစာများကို ဘဏ်သို့ လာရောက်လျှောက်လွှာတင်ကာ မြန်မာ့စီးပွားရေးဘဏ် (သို့) MMM က ခန့်အပ်ထားသည့် ပြင်ပအေးဂျင့်များထံတွင် လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ကြောင်း သိရသည်။

“ဘယ်ကိုမှ သွားစရာမလိုဘဲနဲ့ လျှောက်လွှာလေး တင်ပြီးသွားရင် ကျွန်တော်တို့က ကိုယ့်ရဲ့ကိုယ်ပိုင်ဖုန်းထဲကို SMS ပို့ပြီးတော့ ကျွန်တော်တို့ အေးဂျင့်တွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာအနှံ့မှာ ထုတ်လို့ရပါတယ်”ဟု MMM မှ တာဝန်ရှိသူက ဆိုသည်။

လတစ်လ၏ (၂၁) ရက်နေ့တိုင်း ဝန်ဆောင်မှုရယူသူ၏ ဖုန်းဆင်းကတ်သို့ SMS ပို့ပေးပြီး ယင်းစာတိုက ပြသကာ ကိုယ်စားလှယ်များထံ လစာငွေ ထုတ်ယူနိုင်ကြောင်း သိရသည်။

“ဖုန်းက ကီးပတ်ကနေ အိုင်ဖုန်းထိရတယ်။ အဲဒီလိုရတာဖြစ်တဲ့အတွက် ဘယ်ဒေသမဆို အဲဒီအကြောင်းကြား စာကိုအေးဂျင့်ဆိုင်ကို ပြလိုက်တာနဲ့ ထုတ်လို့ရတယ်”ဟု ဆက်ပြောသည်။

Myanmar Mobile Money ကို မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုဖြင့် ငွေသားသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ ကောင်တာတွင် ငွေလွှဲပေးပို့ခြင်း၊ ငွေလွှဲထုတ်ပေးခြင်း၊ တယ်လီဖုန်းဘေဝယ်ယူခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပင်စင်စားများက အဆိုပါနည်းလမ်းကို အသုံးပြုကာ ထုတ်ယူသူဦးရေ တိုးတက်လာကြောင်း သိရသည်။

“အေးဂျင့်တွေဆီမှာ ထုတ်တဲ့အခါ လုံခြုံမှုအပြည့်ရှိတယ်။ ဆင်းကတ်ထဲကို ပို့လိုက်တာဖြစ်တဲ့အတွက် Hack လို့လည်း မရဘူး။ လုံခြုံမှုလည်း အပြည့်အဝရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Myanmar Mobile Money အသုံးပြုသူ တစ်သောင်းနှစ်ထောင်ကျော်အထိရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here