နောက် (၂) ရက်အတွင်း ရန်ကုန်တိုင်း အပါဝင် တိုင်းနှင့် ပြည်နယ် (၉)ခုတွင် အအေးပိုမည်

0
144

လာမည့်(၂)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါဝင် တိုင်းနှင့်ပြည်နယ်(၉)ခုတွင် ဆက်လက် အအေးပိုနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇန်နဝါရီ (၁၁)ရက် နံနက်(၇)နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

“ရန်ကုန်မြို့တွင်း အခု ၃ / ၄ ရက် မှာ အရင်လို ပူအိုက်မနေတော့ဘူး၊ တော်တော်လေးကို ချမ်းနေပြီ။ နေလို့ ထိုင်လို့ကောင်းတယ်။ မြို့ပြင်ဘက်ဆို ပိုအေးမှာ။”ဟု ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် ယနေ့ညနေအထိ အများအားဖြင့် သာယာမည်ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

နေပြည်တော်နှင့် ရန်ကုန်အနီးတစ်ဝိုက် ယနေ့ညနေအထိ အများအားဖြင့် သာယာမည်ဖြစ်ပြီး မန္တလေးမြို့နှင့် အနီးတစ်ဝိုက် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here